Saturday, June 8, 2013

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကမ္ဘာ့စင်မြင့်သို့ တက်ရောက်မည့် မြန်မာ


မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်သည် မည်သူမဆို မျှော်လင့်တောင့်တနေသည့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် လှုပ်ရှားမှုဆိုင်ရာ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် မွန်ဂိုလီးယားနှင့် ဂျော်ဂျီယာ နိုင်ငံတို့ပြီးလျှင် စီးပွားရေး တိုးတက်မှု၌ နောက်ထပ်အသစ် မွေးဖွားဖြစ်ထွန်းလာမည့် မြန်မာနိုင်ငံ၏ အနေအထားကို ဖွင့်လှစ်ပြသရာ ရောက်စေသည့် ဖိုရမ်လည်းဖြစ်ကြောင်း သည်ဝေါစထရိ(တ်)ဂျာနယ်၌ ဖော်ပြသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအတွက် ယခုကျင်းပနေသည့် ဖိုရမ်သည် ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည်ထိတွေ့ ဆက်ဆံသည့် အရေးကြီးသော ခြေလှမ်းလည်းဖြစ်သည်။ လာမည့်နှစ်၌ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လွှဲပြောင်း တာဝန်ယူဆောင်ရွက်ရမည့် အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ယခုကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကျင်းပခြင်း၏ အကျိုးကျေးဇူးများအား စတင်ထိတွေ့ ခံစားရမှုကို သိရှိမြင်တွေ့ရမည်ဖြစ်သည်။ အာဆီယံနှင့် အိန္ဒိယ ကုန်သွယ်မှု ပမာဏမှာ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၃ ဘီလီယံ အထိရှိပြီး လာမည့် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရှိလာအောင် ရည်မှန်းထားသည်။ ယခုကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး လူဦးရေအချိုးအစား မျှတသည်ဖြစ်ရာ ကမ္ဘာပေါ်တွင် နောက်ထပ်အသစ် ပေါ်ထွက်လာမည့် စီးပွားရေး တိုးတက်လာမည်ဖြစ်သော နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုလည်း ဖော်ပြရာရောက်ကြောင်း ရေးသားထားသည်။ ''မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများ စုစည်းပေါင်းစုံလာမည့် ဗဟိုအချက်အချာကျသော နေရာ၌ တည်ရှိနေပြီး ကမ္ဘာ့စီးပွားရေးတွင် လှုပ်ရှားတက်ကြွမှု အရှိဆုံး ဒေသ၏ အဓိက အသည်းနှလုံးနေရာ၌ တည်ရှိနေကြောင်း'' မက်ကင်ဆေး ကမ္ဘာ့စီးပွားရေးဆိုင်ရာ သိပ္ပံက ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်ဟု သည်ဝေါစထရိ(တ်)ဂျာနယ်၌ ဖော်ပြထားသည်။ ယခုအခါ မြန်မာနိုင်ငံအား ကမ္ဘာတစ်ဝန်းမှ ပညာရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အားလုံးကို ပေါင်းစည်းစေရာ မြန်မာအစိုးရက စိတ်စေတနာကောင်းဖြင့် အခြေခံအုတ်မြစ်တစ်ရပ် ချပေးခြင်းဖြစ်သည်။ ဤဖိုရမ်မှ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ၊ အခွင့်အလမ်းကောင်းများကို မြန်မာနိုင်ငံအနေဖြင့် သေချာပိုင်နိုင်စွာ ဖမ်းယူဆုပ်ကိုင် ရမည်ဖြစ်ကြောင်း သည်ဝေါစထရိ(တ်)ဂျာနယ်၌ ရေးသားဖော်ပြထားသည်။  

(သည်ဝေါစထရိ(တ်)ဂျာနယ်)

No comments:

Post a Comment