Wednesday, June 5, 2013
ဥရောပတိုက်အလယ်ပိုင်းတွင် ရေလွှမ်းမိုးမှုမြင့်တက်
လူအများအပြား သေဆုံးမှု ဖြစ်ပေါ်ခဲ့ရသည့် ရေလွှမ်းမိုးမှုများ မြင့်တက်နေသောကြောင့် ဥရောပအလယ်ပိုင်းတွင် ထောင်ပေါင်းများစွာသော ပြည်သူများ အနေအိမ်များကို စွန့်ခွာကာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ သြစတြီးယား၊ ဂျာမနီနှင့် ချက်သမ္မတနိုင်ငံများရှိ ဒေသအချို့တွင် စံချိန်တင် ပမာဏအထိ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားရာ လူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်းမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။ ဂျာမနီနိုင်ငံ အီလင်ဘတ်ဂ်ျမြို့မှ လူဦးရေ ၇၀၀၀ ကျော်ခန့်သည် ၄င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရပြီး ချက်သမ္မတနိုင်ငံ မြို့တော် ပရာဟာတွင် သမိုင်းဝင်နေရာ၌ ရေလွှမ်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ ချက်နိုင်ငံမြို့တော် ပရာဟာနှင့် အနီးပတ်ဝန်းကျင်မှ လူဦးရေ ၂၅၀၀ ကျော်ကို ၄င်းတို့နေအိမ်များမှ အတင်းအကျပ် စွန့်ခွာစေခဲ့သည်။ ပရာဟာမြို့ တိရစ္ဆာန်ဥယျာဉ်မှ သတ္တ၀ါများကိုလည်း အလားတူ ရွှေပြောင်းပြီးဖြစ်ကြောင်း ပရာဟာ ရေဒီယိုမှ ကြေညာသည်။ မြေအောက်မီးရထား ဘူတာရုံများနှင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ပြီး ပရာဟာမြို့ အာဏာပိုင်များက ရေလွှမ်းမိုးမှု ဖြစ်ပေါ်လာနိုင်စေသည့် ဘယ်တာမာ မြစ်ကမ်းတစ်လျှောက် အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment