Monday, June 10, 2013

ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်


ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။ ယင်းကုမ္ပဏီသည် China Unicom (MYA) Operations Co.,Ltd. အမည်ဖြင့် ဝန်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်မည့် ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။

China Unicom ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အသစ်ထပ်မံ ချိတ်ဆက်မည့် SE-ME-WE 5 ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသစ်ကို ငါးလကြာ တာဝန်ယူ တည်ဆောက် အကောင် အထည် ဖော်မည့် ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို အဆိုပါ ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ မြေနေရာနှင့် စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုမှာ တစ်ဝက်စီသာ ဖြစ် သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက The Voice သို့ ယမန်နှစ်က ပြော ကြားဖူးသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ချိတ်ဆက်အသုံးပြုမည့် ဖိုက်ဘာအင်တာနက် ဆက်ကြောင်းသည် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာတို့ကို ဖြတ်သန်း ဆက်သွယ်တည်ဆောက်သွားမည် ဖြစ်ပြီး ပုသိမ်မြို့ တွင်လည်း ပြည်ပဆက်သွယ်ရေးစခန်းသစ်တစ်ခု တည်ဆောက်မည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေသည့် သက်တမ်းနှစ် ၃၀ သတ်မှတ် ထားသော SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် နှစ် ၂၀ ခန့် သက်တမ်း ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံက ချိတ်ဆက် အသုံးပြုနေသည်။

တရုတ် အစိုးရက ပိုင်ဆိုင်ထားသော China Unicom ကုမ္ပဏီသည် ဘေဂျင်းမြို့တွင် အခြေစိုက် ထားပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment