Monday, June 10, 2013
မက်ခီလီလီ လက်သစ်ကို ခေါ်ယူရန် ချိတ်ဆက်နေသည့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းသည် မက်ခီလီလီ လက်သစ်ဟု တင်စား ခံရသော လူငယ် ကစားသမားလေး တစ်ဦးကို ချိတ်ဆက်နေကြောင်း သိရှိရသည်။
မိုနာကို အသင်းမှ အသက်(၂၀)အရွယ် ကွင်းလယ် ခံစစ် ကစားသမားလေး နမ်ပဲလစ် မန်ဒီစ်သည် ယခုအခါ ပြင်သစ် တန်းတက် ကလပ်အသင်းမှ ထွက်ခွာရန် တောင်းဆိုထားပြီ ဖြစ်သည်။ ကစားအား ကောင်းမွန်ပြီး ကွင်းလယ်တွင် မာမာထန်ထန် ဖြတ်တောက်လေ့ ရှိသည့် မန်ဒီစ်၏ ကစားဟန်ကြောင့် ယခင် ပြင်သစ် ဂန္ထဝင် ကစားသမားဟောင်းကြီး ကလော့ဒ် မက်ခီလီလီနှင့် ခိုင်းနှိုင်းခြင်း ခံခဲ့ရသည်။ မန်ဒီစ်က မိမိသည် ပြောင်းရွှေ့ကြေးမဲ့ အခြေအနေဖြင့် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာတော့မည်ဟု မိုနာကိုအား အသိပေးခဲ့သည်။
မန်ဒီစ်သည် နည်းပြ ကလော်ဒီယို ရာနေရာရီ၏ အသင်းတွင် ပုံမှန်ကစားခွင့် ရနေသည့် ကစားသမား တစ်ဦးဖြစ်သည်။ ရာနေရာရီက "ကျွန်တော်တော့ သူ့စိတ်သဘောကို နားမလည်နိုင်တော့ဘူး။ သူကစားတာကို မြင်တာနဲ့ ကျွန်တော် ပြောခဲ့တယ်။ ဒါဟာ ငါတို့ရဲ့ မက်ခီလီလီပဲလို့။ သူ့ကို ကျွန်တော် ယုံကြည်ခဲ့တယ်။ ကစားခွင့်လည်း ပေးခဲ့တယ်။ သူ့တောင်းဆိုမှုဟာ ကောင်းမွန်တဲ့ သဘောတူညီမှု တစ်ခုကို မျက်ကွယ်ပြုလိုက်တာလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါသူ့ဘဝပါ။ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ခုချိန်မှာ သူဟာ နည်းပြရဲ့ စကားကို နားမထောင်ဘူး။ အစ်ကိုတွေနဲ့ အေးဂျင့်တွေရဲ့ စကားကိုပဲ နားထောင်တယ်။ စိတ်ပျက်စရာပဲ" ဟု ပြောကြားခဲ့သည်။
မန်ဒီစ်ကို ပြင်သစ်ကလပ် နိုက်စ်ကလည်း စိတ်ဝင်စားနေသည့်တိုင် ၎င်းက ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ပိုမို အားသန်နေပြီး ကာရင်တန် အရပ်ရှိ လေ့ကျင့်ရေးကွင်းသို့လည်း သွားရောက် လည်ပတ်ခဲ့သည်။ တစ်ဖက်တွင် မိုနာကို အသင်းသည်လည်း ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို ကမ်းလှမ်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဂါလာတာဆာရေးကလည်း ကစားသမားကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment