Wednesday, June 5, 2013

ထိုင်း ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည်


ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာငွေ  ရှာဖွေနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာ ဝပ်ထရာသည် ဇွန်လ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများက The Voice သို့ ပြောကြားသည်။ 
အဆိုပါ ခရီးစဉ်တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ် ထရာနှင့် အတူ ထိုင်း ထိပ်တန်း စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ပါဝင်မည် ဖြစ်ပြီး ထိုင်း-မြန်မာ ရင်းနှီး မြုပ်နှံမှု ဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာနှင့် ထိုင်း ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်၌ စီးပွားရေး ဆိုင်ရာ ဖိုရမ်တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ထံမှ သိရှိရသည်။ထိုင်း ဝန်ကြီးချုပ်သည် မေလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း အစိုးရ နှင့် နီးစပ် သူများက ဆိုသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်စဉ်တွင် အီတာလျံ-ထိုင်းကုမ္ပဏီ က အကောင်အထည် ဖော်လျက်ရှိသော ထားဝယ် အထူး စီးပွားရေးဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း တည်နေရာသို့ သွားရောက် လေ့လာခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာနိုင်ငံ အတွင်း၌ တတိယအများဆုံး ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ 

The Voice Weekly

No comments:

Post a Comment