Wednesday, June 5, 2013

နာဗက်စ်ကို ခေါ်ယူရန် သဘော တူညီမှု ရရှိသွားသည့် မန်ချက်စတာ စီးတီး


မန်ချက်စတာ စီးတီး အသင်းသည် ဆီဗီးလား အသင်း တောင်ပံ တိုက်စစ်သမား ဂျီးဆက်စ် နာဗက်စ်ကို ခေါ်ယူရန် သဘော တူညီမှု ရရှိသွားပြီဟု သိရှိရသည်။
အသက်(၂၇)နှစ်ရှိ စပိန် လက်ရွေးစင်သည် ပေါင်စတာလင် (၂၂.၉)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် မန်ချက်စတာ အခြေစိုက် အသင်းသို့ ခြေချလာရန် သဘောတူညီမှု ရရှိ သွားခဲ့သည်။ ချီလီသား နည်းပြ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် မန်စီးတီးကို ရာသီသစ်တွင် ကိုင်တွယ် သွားမည် ဖြစ်ရာ ၎င်း၏ ဗွေဆော်ဦး အင်အားဖြည့်တင်း ခေါ်ယူမှု အဖြစ် နာဗက်စ်ကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ဆီဗီးလား အသင်းကလည်း မိမိတို့ အသင်း အနေဖြင့် နာဗက်စ်ကို ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ပြီဟု အတည်ပြုခဲ့သည်။
စပိန် ကလပ်က "ဆီဗီးလား အသင်းဟာ နာဗက်စ်အတွက် အင်္ဂလန် ကလပ် အသင်းနဲ့ သဘော တူညီမှု ရရှိခဲ့ပါပြီ။ ကစားသမား အတွက် အနာဂတ် ချောမွေ့ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ သူဟာ မန်စီးတီးနဲ့ ဆေးစစ်မှု ခံယူတော့မှာပါ" ဟု ကြေညာခဲ့သည်။ မန်စီးတီးသည် ကနဦး ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၂၀.၄)သန်းကို ပေးချေပြီး နောက်ထပ် ပေါင်စတာလင် (၂.၅)သန်းကို စွမ်းဆောင်ရည်အလိုက် ပေးချေသွားမည် ဖြစ်သည်။ ညာခြမ်းတွင် လျင်မြန်ဖြတ်လတ်မှုကို အခြေခံ ကစားလေ့ရှိသည့် နာဗက်စ်က "ကျွန်တော်ကတော့ အရာရာကို လမ်းဖွင့်ထားခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့် အဓိက ရည်ရွယ်ချက်က ဆုဖလားတွေကို ရယူဖို့ပဲလေ။ မန်စီးတီးဟာ ဒီလို အလားအလာမျိုး ရှိတဲ့အသင်းပါ" ဟု ပြောဆိုသွားခဲ့သည်။ 
Ref: Daily Mail
soccer myanmar

No comments:

Post a Comment