Wednesday, June 5, 2013
ကွင်းလယ်အင်အား ဖြည့်တင်းရန် ရှနိုက်ဒါနှင့် ဒီရော့ဆီတို့ကို စတင်ချိတ်ဆက်လာသည့် ချယ်လ်ဆီး
ချယ်လ်ဆီး အသင်းကို မန်နေဂျာသစ်အဖြစ် စတင်တာဝန်ယူပြီးနောက် ဟိုဆေး မော်ရင်ဟို၏ စတင်မှု ခြေလှမ်းသည် ကွင်းလယ်အင်အား ဖြည့်တင်းရေး စီမံကိန်း ဖြစ်လာခဲ့သည်။
မော်ရင်ဟိုသည် ယခုအခါ အသင်းဟောင်း အင်တာမီလန်တွင် လက်တွဲညီခဲ့သည့် ကွင်းလယ် ကစားသမား ဝက်စ်လေ ရှနိုက်ဒါကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၈)နှစ်ရှိ နယ်သာလန် လက်ရွေးစင်သည် ပြီးခဲ့သည့် ဆောင်းရာသီ ဈေးကွက်ကမှ အင်တာကို စွန့်ခွာကာ တူရကီကလပ် ဂါလာတာဆာရေးသို့ (၃)နှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ အင်တာနှင့်အတူ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရာတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားပေးခဲ့သော ရှနိုက်ဒါကို စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပြန်လည် ပေါင်းဆုံခွင့်ရရန် မော်ရင်ဟိုက မျှော်လင့်ထားသည်။
ပေါ်တူဂီသား မန်နေဂျာသည် အီတလီ စီးရီးအေကလပ် ရိုးမားမှ ကွင်းလယ် ခံစစ် ကစားသမား ဒန်နီရယ်လ် ဒီရော့ဆီကိုလည်း မျက်စိကျလျှက် ရှိသည်။ ဒီရော့ဆီသည် ပြီးခဲ့သည့် နွေရာသီက မန်ချက်စတာ စီးတီးနှင့် နီးစပ်ခဲ့သေးသော်လည်း အသင်းမပြောင်းဖြစ်ခဲ့ချေ။ မော်ရင်ဟိုသည် ပေါင်စတာလင် (၁၅)သန်းမျှ ပေါက်ဈေးရှိသည့် အီတလီ လက်ရွေးစင်ကို ကမ်းလှမ်းသွားရန် ဆန္ဒရှိနေပြီး ချယ်လ်ဆီးက ရိုးမားနှင့် အကြို ဆွေးနွေးမှုများ စတင်နေပြီဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ အသက်(၂၉)နှစ်ရှိ ဒီရော့ဆီကို အီတလီတွင် မော်ရင်ဟို ရှိနေစဉ် ကတည်းက နှစ်သက် သဘောကျခဲ့ပြီး အင်တာအတွက် ကမ်းလှမ်းဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
မော်ရင်ဟို လက်အောက်တွင် ဒေးဗစ်လုဇ်သည် ဗဟိုခံစစ်ကိုသာ ပြန်လည် နေရာယူရဖွယ် ရှိနေပြီး ကွင်းလယ်တွင် ဖရန့်ခ်လမ်းပတ် ဂျွန်အိုဘီ မီခေးလ်နှင့် ရာမီရက်စ်တို့အပြင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။
Ref: The Sun, Goal
soccer myanmar

No comments:
Post a Comment