Thursday, June 27, 2013

ကဘူးလ်မြို့ရှိ အာဖဂန်သမ္မတနန်းတော် တိုက်ခိုက်ခံရ


အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ သမ္မတနန်းတော်နှင့် အစိုးရ အဆောက်အအုံများကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ကြောင်း ဇွန် ၂၅ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၄င်းစစ်သွေးကြွများသည် အာဖဂန်သမ္မတ နန်းတော်အရှေ့ဘက်ဂိတ်၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် စီအိုင်အေဌာန တစ်ခုရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားမှုကြောင့် ပေါက်ကွဲသံများ ဒါဇင်ဝက်ထက်မနည်း ကြားခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ တိုက်ခိုက်သူများ အားလုံးသေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် တာလီဘန်နှင့် အမေရိကန် ကျောထောက်နောက်ခံပြု ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ တိုးမြှင့်ခဲ့ပြီးနောက် ရက်အတန်ကြာတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပေါ်လာသည်။ ရှပ်ဒါရက်ခရိုင် အလယ်ပိုင်းရှိ သမ္မတနန်းတော်အနီး တိုက်ခိုက်မှုသည် ဇွန် ၂၅ ရက် နံနက် ၆ နာရီခွဲက စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ စစ်သွေးကြွများက သမ္မတနန်းတော် အရှေ့ဘက်ဂိတ်ကို ကနဦး ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်နေရာတွင် သတင်းစာဆရာ ဒါဇင်ပေါင်းများစွာတို့ ယင်းနေ့နံနက် ၉ နာရီတွင် စီစဉ်ထားသော မစ္စတာကာဇိုင်းနှင့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်အတွက် စုရုံးနေခဲ့ခြင်းဖြစ်သည်။ သတင်းစာ ဆရာများက ပေါက်ကွဲမှုအချို့ကို ကြားခဲ့ရကြောင်း၊ ပေါက်ကွဲမှု ၁၄ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း တိုလို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။ ယင်းဂိတ်ကို တိုက်ခိုက်ခဲ့ချိန်တွင် သမ္မတကာဇိုင်းသည် နန်းတော်အတွင်း ရှိနေခဲ့သည်ဟု ဆိုသည်။ 
(ဘီဘီစီ)
khitlunge

No comments:

Post a Comment