Wednesday, June 5, 2013

ရှက်တာ ကွင်းလယ်လူ ဟင်းနရစ်ခ်ကို ခေါ်ယူရန် လီဗာပူးလ် စိတ်ဝင်စားနေ


လီဗာပူးလ် အသင်းသည် ရှက်တာဒိုးနက်ခ် ကွင်းလယ် ကစားသမား ဟင်းနရစ်ခ် မာ့ခ်ဟီတာယန်းကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။
လီဗာပူးလ်သည် ဟင်းနရစ်ခ်ကို ပေါင်စတာလင် သန်း(၂၀)တန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း ဗြိတိန် သတင်းဌာနများက ဆိုသည်။ အာမေးနီးယား လက်ရွေးစင် ကစားသမားကို လီဗာပူးလ်က အကြိမ် အတော်များများ ကင်းထောက်စေလွှတ် လေ့လာ စေခဲ့ပြီး ဖြစ်ကာ ယူကရိန်း ကလပ်ကမူ ၎င်းအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း(၂၀) အထက်ထိ လိုလားနေသည်။ လီဗာပူးလ်သည် အသင်းကို အင်အားဖြည့်တင်း တည်ဆောက်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ဟင်းနရစ်ခ် အပြင် ရှော်လ်ကေး ခံစစ်မှူး ကိုင်ရီကော့စ် ပါပါဒိုပူးလော့စ်နှင့် အက်စ်တန်ဗီလာ တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီတို့ကိုလည်း စိတ်ဝင်စားနေသည်။
အသက်(၂၄)နှစ်ရှိ ဟင်းနရစ်ခ်သည် ဂိုးသွင်းကောင်းသော ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ကာ ပြီးခဲ့သည့် ရာသီက ရှက်တာအသင်း အတွက် ဂိုးပေါင်း (၂၀)ကျော် သွင်းယူပေးထားခဲ့သည်။ လီဗာပူးလ်သည် အန်ဒီကာရိုးလ်ကို ဝက်စ်ဟမ်း ယူနိုက်တက်ထံ အငှားချထားရာမှ အပြတ်ရောင်းချရန် လုပ်ဆောင်နေဆဲဖြစ်ပြီး ပေါင်စတာလင် (၁၅)သန်းတန် အပြောင်းအရွှေ့ ပြီးပြတ်ပါက ဟင်းနရစ်ခ်ကို စာချုပ်ရေး အားသွန် လုပ်ဆောင်လာဖွယ် ရှိနေသည်။ ကာရိုးလ် အတွက် ပြောင်းရွှေ့ကြေးကို ကလပ်အသင်း နှစ်ခုက သဘော တူညီမှု တည်ဆောက်ထားပြီး ဖြစ်သော်လည်း ကာယ ကံရှင်က အနာဂတ်ကို အလေးအနက် အချိန်ယူ စဉ်းစား နေဆဲဟု သိရှိရသည်။  
Ref: Daily Mail
soccer myanmar

No comments:

Post a Comment