Thursday, June 6, 2013

ဆီးရီးယား၌ လက်နက်အဖြစ် ဓာတုပစ္စည်းအသုံးပြုခဲ့ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများ ယူဆ


ဆီးရီးယားနိုင်ငံ၌ လက်နက်အဖြစ် ဓာတုပစ္စည်းများကို အသုံးပြုသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ယုံကြည် ယူဆလျက်ရှိကြောင်း အစီရင်ခံစာ တစ်ရပ်ကို ကိုးကား၍ ဒေသဆိုင်ရာ သတင်းဌာနများက ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တိုက်ခိုက်မှု လေးရပ်တွင် အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများကို အသုံးပြုခဲ့သည်ဟု ခိုင်လုံသော အကြောင်းတရားများအရ ယုံကြည်ယူဆရကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးသို့ ကော်မရှင် ဥက္ကဋ္ဌ ပါဘလိုပင်ဟိုင်းရိုးက တင်သွင်းခဲ့သည်။ ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ကာလသတ်မှတ်ချက်မှာ ဇန်န၀ါရီ ၁၅ ရက်မှ မေ ၁၅ ရက်အထိဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးသည့်ကာလမှာ တိုးတောင်းသဖြင့် ရရှိသော အထောက်အထားများအရ မည်သည့် ဓာတုပစ္စည်းများကို သုံးစွဲခဲ့သည်ဟု အတိအကျ ပြောနိုင်ရန် ခက်ခဲကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ဆီးရီးယားနိုင်ငံ၌ ဓာတုလက်နက် အသုံးပြုခဲ့ခြင်းရှိ၊ မရှိ အခြားသော ဖြစ်စဉ်များကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပင်ဟိုင်းရိုးက ပြောကြားသည်။ မျက်မြင်တွေ့ရှိသူများ၊ ကိုယ်တွေ့ ခံစားခဲ့ရသူများ၊ ဒုက္ခသည်များနှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများအား အင်တာဗျူးပြုလုပ်ကာ အထောက်အထားများကို ရှာဖွေခဲ့သည်ဟု ဆိုသည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment