Friday, June 14, 2013

တရုတ်အရှေ့ပိုင်း၌ သုံးထပ်အဆောက်အအုံ ပြိုကျ


တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ်တွင် ဇွန် ၁၁ ရက် နံနက်ပိုင်းက ရုံးအဆောက်အအုံ တစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အရေအတွက် ၁၁ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ယင်းနေ့ညက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်အရ သိရသည်။ ကျန်စုပြည်နယ် အရှေ့ပိုင်း ဆူကျို့မြို့တွင် ရှိသော အထပ်သုံးထပ်ရှိ အဆိုပါ ရုံးအဆောက်အအုံသည် မြေညီထပ်ရှိ ရုံးဝန်ထမ်း စားသောက်ဆိုင် တစ်ဆိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၆ မိနစ်က ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြိုကျမှုကြောင့် လူ ၂ဝ အပျက်အစီးများအောက် နစ်မြုပ် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့အနက်မှ ၁၁ ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဆူကျို့မြို့ အစိုးရအဖွဲ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်အရ သိရသည်။ ကျန်ကိုးဦးမှာ ဒေသတွင်း ဆေးရုံနှစ်ရုံတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုံးအဆောက်အအုံကို ဆူကျို့ ဓာတ်ငွေ့ ကုမ္ပဏီအုပ်စု၏ ဓာတ်ငွေ့ အရောင်းဌာနခွဲ တစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်သည်။ ကနဦး စုံစမ်းစစ်ဆေးချက်အရ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားရာမှ ပြိုကျခဲ့သည်ဟု ဆိုသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment