Friday, June 28, 2013
ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် မိမိ ဆန္ဒရှိကြောင်း ဘာစီလိုနာကို သီယာဂို အသိပေး
ဘာစီလိုနာ အသင်းနှင့် ဆွေးနွေးရာတွင် မိမိသည် မန်ချက်စတာ ယူနိုက်တက် အသင်းသို့သာ ပြောင်းရွှေ့လိုကြောင်း သီယာဂို အယ်လ်ကန်ထရာက အသိပေးခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာသည် အသက်(၂၂)နှစ်ရှိ ဘရာဇီးလ်နွယ်ဖွား စပိန်လက်ရွေးစင်ကို အသင်းတွင် ဆက်လက် ထိန်းသိမ်းရေးအတွက် နောက်ဆုံးအကြိမ် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ အင်္ဂလန် ချန်ပီယံ အသင်းထံသို့ ဦးတည်ရန် စိတ်ပိုင်းဖြတ်မှုကို မပြင်တော့ကြောင်း သတင်းများက ဆိုသည်။ The Sun သတင်းစာက ယခုအခါ ယူနိုက်တက်သည် ပေါင်စတာလင် (၁၆)သန်း ဝန်းကျင်ဖြင့် သီယာဂိုအား ကမ်းလှမ်းရေး အခြေအနေ လမ်းပွင့်သွားပြီဟု ဖော်ပြခဲ့သည်။
အသက်(၂၂)နှစ်ရှိ ကစားသမားကို ဥရောပ ချန်ပီယံ ဘိုင်ယန်မြူးနစ်ကလည်း နောက်ကျပြီးမှ စိတ်ဝင်စားမှု ပြသလာသည့်တိုင် သီယာဂိုသည် အင်္ဂလန်မြေသို့ စွန့်စားထွက်ခွာရန် အနီးစပ်ဆုံး ဖြစ်နေပြီဟု ဆိုသည်။ ၎င်းသည် အသက်(၂၁)နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲတွင် စပိန်လူငယ်အသင်းအတွက် ဗိုလ်လုပွဲ၌ Hat-Trickသွင်းယူခဲ့သည်။ ယူနိုက်တက်သည် ကစားသမား၏ ဖခင်လည်းဖြစ်သူ အေးဂျင့် မာဇင်ဟိုနှင့် ညှိနှိုင်းကာ သီယာဂိုအား တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅.၅)သန်းဖြင့် စာချုပ်ရန် သဘောတူညီထားပြီဟုလည်း သတင်းများက ဆိုသည်။
သီယာဂိုသည် (၂၀၁၅)ခုနှစ်ထိ နူးကမ့်တွင် စာချုပ်သက်တမ်း ကျန်ရှိနေဆဲဖြစ်ပြီး စာချုပ်ပါ သတ်မှတ် ဈေးနှုန်းသည် ယူရို သန်း(၉၀) ဖြစ်သည်။ သို့သော်လည်း ၎င်းသည် သတ်မှတ် ပွဲအရေအတွက် ကစားခွင့် မရသည့်နောက် ယူရို (၁၈)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါက အသင်းမှ ထွက်ခွာခွင့် ရရှိထားကြောင်းလည်း သိရှိရသည်။
Ref: Goal
soccer myanmar

No comments:
Post a Comment