Saturday, June 15, 2013

ကာဗာနီကို ခေါ်ယူရေးတွင် မန်စီးတီးက ချယ်လ်ဆီးထက် အလားအလာ ပိုကောင်းကြောင်း ၎င်း၏မိခင် မှတ်ချက်ပြု


မိမိ၏ သားကို ခေါ်ယူရန် ကြိုးပမ်းနေသော အသင်းများ အနက် မန်ချက်စတာ စီးတီးက ချယ်လ်ဆီးထက် အလားအလာ ပိုကောင်းကြောင်း အီဒင်ဆန် ကာဗာနီ၏ မိခင်က မှတ်ချက်ပြုခဲ့သည်။
နာပိုလီ အသင်း၏ တိုက်စစ်မှူးကို ချယ်လ်ဆီး၊ မန်စီးတီးနှင့် ရီးယဲလ်မက်ဒရစ် အသင်းများက အပြိုင်အဆိုင် ချိတ်ဆက်လျှက် ရှိနေသည်။ မန်စီးတီးသို့ ပြောင်းရွှေ့လာမည့် မန်နေဂျာသစ် မန်နျူရယ်လ် ပယ်လီဂရီနီသည် စာချုပ်ပါ သတ်မှတ်ဈေးနှုန်းအတိုင်း ပေါင်စတာလင် (၅၄)သန်းထိ ပေးချေကာ အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်ကို သိမ်းသွင်းနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။ ချယ်လ်ဆီး မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟိုကလည်း တိုက်စစ်အင်အား ဖြည့်တင်းရန်အတွက် ကာဗာနီကို ဦးစားပေး ချိတ်ဆက်လျှက် ရှိသည်။
ကာဗာနီသည် ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် (၂၉)ဂိုးသွင်းကာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သည်။ ၎င်း၏ မိခင်ဖြစ်သူ ဘာတာဂိုမက်ဇ်က "ကျွန်မသားက လောလောဆယ် မန်စီးတီးရယ်၊ ရီးယဲလ်ရယ်နဲ့ စကားပြောနေတာတော့ သိတယ်။ နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်တေးက ချယ်လ်ဆီးနဲ့ ဆွေးနွေးမယ့် အလားအလာအကြောင်း ပြောခဲ့ပေမယ့် တိတိကျကျတော့ လောလောဆယ် မဟုတ်သေးပါဘူး။ နောက်ထပ် (၁၅)ရက်၊ ဒါမှမဟုတ် ရက်(၂၀)လောက်မှာ ပိုပြီး သေသေချာချာ သိလာရပါမယ်။ အသံတွေကတော့ ထွက်နေတာ အများကြီးပဲ။ ကျွန်မကတော့ တစ်ခုခုဖြစ်ရင် အရင်ဆုံး သိနိုင်တဲ့သူပါ"ဟု ပြောကြားခဲ့သည်။
သူမက "ကာဗာနီက နာပိုလီကို ချစ်တယ်။ တကယ်လို့ သူဒီက ထွက်သွားရင်လည်း နာပိုလီ အသင်းနဲ့ ဆက်နွယ်နေတဲ့ မေတ္တာတရားနဲ့ နွေးထွေးမှုကို သူဘယ်တော့မှ မမေ့ပါဘူး။ အထူးသဖြင့် ပရိသတ်တွေဆီက ရခဲ့တဲ့ ရင်းနှီးနွေးထွေး နှစ်လိုမှုတွေကိုပေါ့။ သူနဲ့ နေပယ်လ်မြို့ဟာ အမြဲတမ်း တစ်သားတည်း ကျနေမှာပါ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment