Sunday, June 30, 2013
QPR ဂိုးသမား ဆီဇာကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေသည့် အာဆင်နယ်
အာဆင်နယ် အသင်းသည် QPR ဂိုးသမား ဂျူလီယို ဆီဇာကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရှိရသည်။
ဈေးကွက်ထဲတွင် ဂိုးသမား တစ်ဦးကို ရှာဖွေနေသော အာဆင်နယ်သည် လီဗာပူးလ်၏ ပီပီရေနာနှင့် အသံ ထွက်ခဲ့သော်လည်း ယခုအခါ ဘရာဇီးလ် လက်ရွေးစင် ဆီဇာကို ပိုမို ဦးစားပေး ချဉ်းကပ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရာသီက တန်းဆင်းသွားသော QPR အနေဖြင့်လည်း ဆီဇာကို ဆက်လက် ထိန်းသိမ်း ထားနိုင်မည့် အခြေအနေ မရှိရာ ဆီဇာ အနေဖြင့် အခြားလန်ဒန် ကလပ်တစ်ခုသို့ ကူးပြောင်းရန် အလားအလာ ကောင်းနေခြင်း ဖြစ်သည်။ ဆီဇာသည် လတ်တလောတွင် ဘရာဇီးလ်နှင့်အတူ ကွန်ဖက်ဒရေးရှင်း ဖလား ပြိုင်ပွဲတွင် ပါဝင် ကစားနေသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် လူးကက်စ် ဖေဘီယန်စကီးနှင့် ဝေါ့ဆစ်ခ်ျဆက်ဇနီတို့ ပိုလန်သား နှစ်ဦးထက် အတွေ့အကြုံပိုင်း ရင့်ကျက် ပြည့်စုံသော ဂိုးသမားကောင်း တစ်ဦးကို ချိတ်ဆက် ကြိုးစားနေပြီး ယခုအခါ အာဆင်နယ် တာဝန်ရှိသူများနှင့် ဆီဇာ၏ ကိုယ်စားလှယ်များ စတင် ဆွေးနွေးနေပြီဟု ယုံကြည်ရသည်။ အီတလီ စီးရီးအေကလပ် ရိုးမားသည်လည်း ဆီဇာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဆီဇာသည် တန်းဆင်းသွားသည့် QPRအသင်းမှ အလွတ်ပြောင်းရွှေ့ခွင့် ရရှိထားသည်။
ဝင်းဂါးသည် စတုတ်ခ် ဂိုးသမား အက်စ်မာ ဘီဂိုဗစ်ကိုလည်း စိတ်ဝင်စားခဲ့သေးသည့်တိုင် အတွေ့အကြုံရင့် ဂိုးသမား တစ်ဦးကို ပြောင်းရွှေ့ကြေးမဲ့ဖြင့် ခေါ်ယူနိုင်မည့် အနေအထားကြောင့် ဆီဇာကို ပိုမို အလေးအနက် ချဉ်းကပ်ခဲ့ခြင်းဟု သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment