Wednesday, July 3, 2013
ဗြိတိန်ဝန်ကြီးချုပ် အာဖဂန်ငြိမ်းချမ်းရေး ပါကစ္စတန်နှင့် ဆွေးနွေး
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ပါကစ္စတန်နှင့် အိမ်နီးချင်း အာဖဂန်နစ္စတန် နိုင်ငံအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ အဆင့်မြှင့်တင်ဆောင်ရွက်ရေး နည်းလမ်းများအပေါ် ဆွေးနွေးရန်အတွက် အသစ်ရွေးချယ် တင်မြှောက်ခံရသည့် ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်နှင့် တွေ့ဆုံခဲ့ကြောင်း ဇူလိုင် ၁ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ ဇွန် ၃ဝ ရက်က ပါကစ္စတန် ချစ်ကြည်ရေး ခရီးစဉ်တွင် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေး တိုးတက်ကောင်းမွန်ရေးအတွက် ဗြိတိန်နှင့်အတူ လုပ်ဆောင်ရန် ပါကစ္စတန်အစိုးရကို တိုက်တွန်း ပြောကြားခဲ့သည်။ ယူကေဝန်ကြီးချုပ်၏ ပါကစ္စတန်နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်သည် အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အာဖဂန်၌ ရှိနေစဉ် ၄င်းသည် ဗြိတိန်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းနှင့်လည်း ဆွေးနွေးပွဲများ ကျင်းပခဲ့သည်ဟု ဆိုသည်။ အစ္စလမ္မာဘတ် အစိုးရအနေဖြင့် ကာတာနိုင်ငံ၌ တာလီဘန် စစ်သွေးကြွများနှင့် အမေရိကန်တို့အကြား အငြင်းပွားနေဆဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အဆင်ပြေချောမွေ့ စေခဲ့ပြီးနောက် ရက်အတန်ကြာတွင် ဒေးဗစ်ကင်မရွန်း၏ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပါကစ္စတန် အစိုးရ အရာရှိများအနေဖြင့် တာလီဘန်နှင့် အမေရိကန်တို့၏ အပြန်အလှန် ဆွေးနွေးမှုကို ကြိုဆိုခဲ့သော်လည်း အာဖဂန် အစိုးရအနေဖြင့် စစ်သွေးကြွအုပ်စုများနှင့် အမေရိကန် ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အပူတပြင်း စိုးရိမ်နေခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment