Thursday, July 11, 2013

ဆိုမာလီဓားပြများ အပိုင်စီးထားသည့် သင်္ဘော နစ်မြုပ်


မလေးရှားနိုင်ငံ အလံလွှင့်ထူထားသော ကုန်သင်္ဘောတစ်စင်းသည် မိုဂါဒစ်ရှူးမြို့ ကမ်းလွန်ရေပြင်တွင် ဇူလိုင် ၇ ရက်က နစ်မြုပ်သွားခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အီးယူရေတပ်မှ ဇူလိုင် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ မလေးရှားနိုင်ငံအလံ လွှင့်ထူထားသည့် သင်္ဘောသည် ဆိုမာလီ ပင်လယ်ဓားပြများက အပိုင်စီးထားသည့် သင်္ဘောဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်နေသည်ဟူသော အကြောင်းကြားစာ တစ်စောင် မိမိတို့ လက်ခံရရှိခဲ့ကြောင်း အီးယူရေတပ်မှ ပြောကြားသည်။ ယင်းသင်္ဘောသည် အမ်ဗွီအယ်လ်ဘီဒို အမည်ရှိ သင်္ဘောဖြစ်ပြီး သင်္ဘောပေါ်တွင် သင်္ဘောသား ၁၅ ဦးခန့် ပါရှိသွားကြောင်း၊ သင်္ဘောများ ကယ်ဆယ်နိုင်မှု ရှိမရှိကို ရှင်းလင်းစွာ မသိရသေးကြောင်း ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။ ထို့အပြင် ဆိုမာလီ ပင်လယ်ဓားပြများ ၄င်းသင်္ဘောကို မည်သည့်နေ့ရက်က မည်သည့်ရေပြင်တွင် အပိုင်စီးသွားခဲ့သည်ကိုလည်း သတင်း၌ ဖော်ပြထားခြင်း မရှိကြောင်း ဆင်ဟွာက သတင်းထုတ်ပြန်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment