Wednesday, January 22, 2014
နူးကမ့်ကို ယူရိုသန်း(၆၀၀) အကုန်အကျခံ မွမ်းမံသွားမည့် ဘာစီလိုနာ
ဘာစီလိုနာ အသင်းသည် နူးကမ့်ကွင်းကြီးကို ပြန်လည်မွမ်းမံရန်အတွက် ယူရို သန်း(၆၀၀)ထိ အသုံးပြုသွားမည်ဟု သိရှိရသည်။
စပိန်လာလီဂါ ချန်ပီယံ အသင်းက ၎င်းတို့အနေဖြင့် နူးကမ့်ကို မွမ်းမံ အဆင့်မြှင့်မည့် စီမံကိန်းကို စတင်၍ အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအစီအစဉ်အရ ကွင်းကြီးတွင် ပရိသတ် (၁၀၅၀၀)ထိ ဝင်ဆံ့လာမည်ဟု ကြေညာခဲ့သည်။ ဘာစီလိုနာသည် အစောပိုင်းက ကာတာလိုနီယာ ဒေသ၏ အဓိက စီးပွားရေးရပ်ဝန်းဖြစ်သော အေဗန်နီဒါ ဒီယာဂိုနယ်လ် အနီးတွင် ကွင်းသစ်တစ်ခု တည်ဆောက်ရန် စဉ်းစားခဲ့သေးသည်။ သို့သော်လည်း ယင်းအစီအစဉ်မှာ ယူရို (၁.၂)ဘီလျံမျှ ကုန်ကျမည် ဖြစ်ပြီး အသင်း၏ ဘဏ္ဍာရေးအတွက် အကျပ်အတည်းများ ဖြစ်လာနိုင်သဖြင့် နူးကမ့်ကိုသာ မွမ်းမံ အဆင့်မြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
ယခုအစီအစဉ်တွင် နူးကမ့်၏ အမိုးများကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်သလို ကွင်း၏ ခုံတန်းများကိုလည်း ချဲ့ထွင်တိုးမြှင့်သွားမည် ဖြစ်သည်။ "ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ အခြေအနေ နှစ်ခုလုံးက တစ်မျိုးစီ ဆွဲဆောင်မှု ရှိနေတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လက်စ်ကော့တ် အရပ်မှာပဲ ဆက်ပြီး အခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်"ဟု အသင်းဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ပြောကြားခဲ့သည်။ ၎င်းက "နူးကမ့်ဟာ အမှတ်တရတွေ အများကြီး စုစည်းထားတဲ့ နေရာပါ။ ဥရောပရဲ့ အကြီးကျယ်ဆုံး ဘောလုံးကွင်းကြီး တစ်ခုဖြစ်သလို ဘာစီလိုနာ မြို့တော်ရဲ့ ပြယုဂ်ဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံးမှာတော့ နေရာသစ်မှာ ကွင်းသစ် ဆောက်လုပ်မယ့် အစီအစဉ်ကို ငွေရေးကြေးရေး တွက်ချက်မှုတွေအရ ပယ်ဖျက်လိုက်ပါတယ်"ဟုလည်း အတည်ပြုသွားခဲ့သည်။
Ref:goal
Soccer Myanmar

No comments:
Post a Comment