Monday, January 27, 2014

မာဆေးဆိုက် ဒါဘီအတွက် လီဗာပူးလ် အသင့်ရှိနေဟု ရော်ဂျာ ဆို


မိမိအသင်းမှ ကစားသမားများသည် အင်္ဂါနေ့တွင် ယှဉ်ပြိုင်ကစားမည့် မာဆေးဆိုက် ဒါဘီ ပွဲစဉ်အတွက် အသင့်ရှိနေကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော်ဂျာက အခိုင်အမာ ပြောကြားလိုက်သည်။

လီဗာပူးလ် အသင်းသည် စနေနေ့က ချန်ပီယံရှစ်မှ ဘုန်းမောက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့် ရက်သတ္တပတ်တွင် အဲဗာတန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

သို့သော်လည်း ရော်ဂျာက ဒဏ်ရာမှ ပြန်လည်သက်သာစပြုသည့် ကစားသမားများသည် အဲဗာတန်နှင့် ပွဲစဉ်အတွက် အသင့်ရှိနေပြီ ဖြစ်ကြောင်း ရော်ဂျာက ဆိုခဲ့သည်။

“ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားအချို့ရှိပါတယ်။ ဒါပေမဲ့ အက်ဖ်အေဖလားက လီဗာပူးလ်အတွက် အစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲပါ။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ရှိပြီး ဆုဖလားကိုလည်း ရယူဖို့ ဆန္ဒရှိပါတယ်။ အသင်းက ဒဏ်ရာရ ကစားသမားတွေလည်း အချိန်မီ ပြန်လည် သက်သာလာကြပါပြီ။ သူတို့က အဲဗာတန်နဲ့ ပွဲမှာ ကြံ့ခိုင်မှုအပြည့် ရှိနေပါလိမ့်မယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘုန်းမောက်အသင်းနှင့် အသင်းမန်နေဂျာ အက်ဒီဟိုဝီတို့ကို လီဗာပူးလ် မန်နေဂျာ ရော်ဂျာက ချီးကျူးသွားခဲ့သည်။

“ဘုန်းမောက်က အရမ်းကိုကောင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့အားလုံးကို ကျွန်တော် ချီးကျူးမိပါတယ်။ အက်ဒီကလည်း ဒီလိုပါပဲ။ သူ့ရဲ့ တွေးခေါ်မှုကို ကျွန်တော်နှစ်သက်ပါတယ်။ ဘုန်းမောက်အသင်းက ကစားပုံ ကောင်းခဲ့တာကြောင့် ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပထမပိုင်းအပြီးမှာ အသင်းကို ပြန်လည်စုဖွဲ့ခဲ့တာကြောင့် ကစားပုံ ကောင်းလာခဲ့ပါတယ်” ဟု ရော်ဂျာက ဆိုခဲ့သည်။
 
Ref:goal
Soccer Myanmar

No comments:

Post a Comment