Tuesday, February 4, 2014

ခရူးစ်ကို ယူနိုက်တက်နှင့်အပြိုင် အင်္ဂလန် ထိပ်တန်း ကလပ်များ ကြိုးပမ်း လာဖွယ်ရှိနေ

ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား တိုနီခရူးစ်ကို ခေါ်ယူရေး အတွက် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပြိုင်ဘက်များနှင့် အားစမ်းရဖွယ် ရှိနေကြောင်း သိရသည်။
ပေါင်စတာလင် (၂၅)သန်း ပေါက်ဈေးရှိသော ဂျာမန်လက်ရွေးစင်သည် ဘိုင်ယန်နှင့် သက်တမ်းတိုး စာချုပ်ဖြစ်ဖွယ် မရှိသလို လတ်တလောတွင် အသင်းနှင့် ဆက်ဆံရေး ယိုယွင်းနေသည်ဟု ယုံကြည်ရသည်။ ခရူးစ်ကို ဆောင်းရာသီ ဈေးကွက် ကာလအတွင်း ခေါ်ယူနိုင်ရန် ယူနိုက်တက်က ချိတ်ဆက်ခဲ့သော်လည်း ကစားသမားက ရာသီကုန်ထိ ဥရောပ ချန်ပီယံ အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါ ယူနိုက်တက်၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကလည်း ခရူးစ်ကို စတင်၍ စိတ်ဝင်စားမှု ပြသလာပြီ ဖြစ်သည်။
မန်စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ အနေဖြင့် ပေါ်တိုကွင်းလယ်လူ ဖာနန်ဒိုကို ခေါ်ယူရန် မဖြစ်မြောက်ခဲ့သည့်နောက် နွေရာသီတွင် ခရူးစ်ကို ကမ်းလှမ်းရန် စဉ်းစားနေကြောင်း သိရသည်။ အသက်(၂၄)နှစ်ရှိ ကစားသမားကို လီဗာပူးလ်နှင့် အာဆင်နယ် အသင်းများကလည်း စောင့်ကြည့်နေရာ ယူနိုက်တက် အနေဖြင့် အကျပ်အတည်းများစွာ ကြုံလာမည့် သဘောမျိုး ရှိနေသည်။ ထို့အပြင် လက်ရှိ ယူနိုက်တက်၏ ရလဒ်ပိုင်း ဆိုးရွားနေမှုများကြောင့် ရာသီကုန်တွင် ချန်ပီယံလိဂ် ဝင်ခွင့်နှင့်သာ လွဲချော်ပါက ခရူးစ်ကို ခေါ်ယူနိုင်ရေးသည် ပိုမို၍ အခွင့်အလမ်း နည်းပါးသွားဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref:givemesport
Soccer Myanmar

No comments:

Post a Comment