Thursday, March 22, 2012

သယံဇာတ ကျိန်စာ ပိုဆိုးလာ

မြန်မာနိုင်ငံမှာ ပြောင်းလဲဖြစ်ထွန်းတိုးတက်မှု ရှိနေပေမယ့်လည်း သယံဇာတတွေက ရရှိတဲ့ အကျိုးအမြတ်ကို အများပြည်သူ ခံစားနိုင်ဖွယ် မရှိဘူးလို့  ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)က ပြောပါတယ်။

သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချလို့ ရရှိတဲ့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေကို လက်ရှိ အစိုးရဟာ န၀တ၊ နအဖ အစိုးရလက်ထက်က အတိုင်းပဲ ဘဏ္ဍာငွေကြေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ခံမှု ကင်းမဲ့နေဆဲဖြစ် တာကြောင့် ပြည်သူတွေ ရဲ့ လူနေမှုဘ၀ တိုးတက် မလာဘဲ ဖြစ်နေတယ် လို့ ထိုင်း အခြေစိုက် ရခိုင် ရေနံေ စာင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
သဘာဝဓာတ်ငွေ့တွေ ရောင်းချမှုကြောင့် ၂၀၀၆ ကတည်းကစပြီး နှစ်စဉ်ဒေါ်လာ သန်း ၂ ထောင်ကျော် ရရှိနေပြီး လာမယ့် ၂၀၁၃ ကျရင် တခြား လုပ်ကွက်တွေကနေ ထပ်မံ ထုတ်လုပ်ရောင်းချမှုကြောင့် လက်ရှိ ၀င်ငွေထက် ၂ ဆနီးပါး ထပ်တိုးလာနိုင်တယ်လို့ စာမျက်နှာ  ၆၀ ပါ အစီရင်ခံစာမှာ ရေသားထားပါတယ်။
ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က ဒီ အစီရင်ခံစာ ထုတ်ပြန်ခြင်း ရည်ရွယ်ချက်ကို  ရှင်းပြပါတယ်။
“ကျနော်တို့ ထင်တာကတော့ ဒီ နိုင်ငံကောင်းစားဖို့ရယ်၊ ကျနော်တို့ ထုတ်တဲ့ အစီရင်ခံစာ သဘာဝသယံဇာတ ကျိန်စာ ဆိုပြီးတော့ နာမည်ပေးထား ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ သဘာသယံဇာတတွေ ကြွယ်ဝချမ်းသာပေမဲ့ ကမ္ဘာကြီးမှာ အဆင်းရဲဆုံး နိုင်ငံတခု စာရင်းထဲမှာ ရောက်နေတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် သဘာဝသယံဇာတက ရတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာမှုနဲ့ စနစ်တကျ တာဝန်ခံမှုတွေနဲ့ သုံးတဲ့ စီမံခန့်ခွဲမှုတွေ မရှိလို့ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ ရေနံဂတ်စ်ပိုက်လိုင်းက ရတဲ့ ပိုက်ဆံတွေကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဒီ ဥပဒေတွေ၊ အဖွဲ့အစည်းတွေ ထားပြီးတော့မှ ရေးဆွဲသွားလို့ရှိရင် ပြည်သူလူထုတွေ အတွက် အကျိုးရှိမယ်၊ နိုင်ငံအတွက် အကျိုးရှိမယ် အဲဒါကြောင့်မို့ ကျနော်တို့က ဒီနေ့မှာ ဒီ အစီရင်ခံစာကို အဓိက ထားလိုက်တာပေါ့နော်။”
အစိုးရသစ်က နိုင်ငံဘဏ္ဍာငွေ ကိစ္စရပ်များ တိုးတက်ကောင်းမွန် လာဖို့ လုပ်ဆောင်နေပေမယ့်လည်း  ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေရတဲ့ ဝင်ငွေနဲ့  ပတ်သက်ပြီး အသေးစိတ် မထုတ်ဖော်သလို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ ပတ်သက်မှု အခန်းကဏ္ဍက သဲသဲကွဲကွဲ မသိရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
သယံဇာတ စီမံကိန်းတွေကြောင့်လည်း လယ်မြေသိမ်းဆည်းမှု၊ အဓမ္မခိုင်းစေမှု၊  သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ အဓမ္မပြောင်းရွှေ့ခိုင်းမှုတွေ ဖြစ်နေသလို သယံဇာတမြေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြရင်း  အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ပဋိပက္ခတွေ ပိုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း စီမံကိန်းတွေကို  လေ့လာစောင့်ကြည့်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်း တခု ဖြစ်ပါတယ်။
DVB

No comments:

Post a Comment