Thursday, March 22, 2012

 တာမွေယာယီဈေးရှိ ဈေးသည်များ အခြားနေရာသို့ ပြောင်းရွှေ့ရတော့မည် မဟုတ်ကြောင်း ၀န်ကြီးချုပ်ထံမှ သိရသည်ဟု ဦးအောင်သိန်းလင်း ပြောကြား

တာမွေယာယီဈေးမှ ဈေးသည်များ တာမွေအခွန်လွတ်ဈေး အနီးသို့ ပြောင်းရွှေ့ရတော့မည်ဟု သတင်း
များ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ဈေးသည်များ၏ ဆန္ဒအတိုင်း ပြောင်းရွှေ့ရန် မလိုတော့ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သိန်းလင်းက မတ်လ ၁၈ ရက်နေ့က ပြုလုပ်သော တာမွေယာယီဈေး ဈေးသူဈေး သားများနှင့်တွေ့ဆုံပွဲတွင် ပြောကြားပါသည်။
“ကျွန်တော်တို့ မပြောင်းရွှေ့ရေး နဲ့ လက်ရှိနေရာမှာ အဆင့်မြင့်ဈေး ပြန်လည်တည်ဆောက်ပေးဖို့ အတွက် ဈေးသည် ၈၀၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ စာကိုရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဆီ ဖုန်းဆက်မေးကြည့်တော့ ၀န်ကြီးချုပ်က အများရဲ့ဆန္ဒအတိုင်း ဖြစ်စေရမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီကြားထဲ ကောလာဟလတွေ ကြားရင်လည်း ဟုတ်မဟုတ် ချင့်ချိန်စဉ်းစားကြပါ။ လိုအပ်ရင် ကျွန်တော့်တို့ရုံးကို လာပြီး မေးလို့ရပါတယ်”ဟု ဦးအောင်သိန်းလင်းက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်တီအဖွဲ့က ၂၀၁၂ ခုနှစ် ဖေ ဖော်ဝါရီလ၁၄ရက်နေ့တွင်ဈေးသူဈေး သားများကို တာမွေယာယီဈေးကို ဖျက်သိမ်းပြီး ကျိုက္ကဆံလမ်းနှင့် မာလာနွယ်လမ်းကြား Max ဓာတ်ဆီ ဆိုင်ဘေး တာမွေအခွန်လွတ်ဈေး အနီးသို့ ပြောင်းရွှေ့ရမည်ဟု  ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးသူ ဈေးသားများက သဘောမတူကြောင်းကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေထံသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
“ရန်ကုန်မြို့တော် စည်ပင်နဲ့ ဂမုန်းပွင့်ကုမ္ပဏီ ပူးပေါင်းပြီး ဈေး အသစ်ဆောက်မယ်လို့ ပြောတယ်။ ဈေးသစ်တစ်ခု ဆောက်ပြီးရင် ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်လာဖို့ အတွက် အချိန်ယူရတယ်။ အရင် တာမွေဈေးဟောင်းကိုလည်း တာမွေ ပလာဇာအဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့တဲ့အတွက် မူလနေရာကို ဆုံးရှုံး ခဲ့ပြီးဖြစ်ပါတယ်။ တာမွေ ပလာဇာမှာ ဆိုင်ခန်းတွေကို လေးပုံတစ်ပုံပဲ ပေးခဲ့တယ်။ ဒါကြောင့် အခုယာယီ ဈေးနေရာကို ရောက်လာခဲ့တာပါ။ ယာယီဈေးမှာ ဈေးရောင်းချတာ ၁၈ နီးပါးကြာသွားပြီ။ ဒီနေရာသွားလာ မှုအဆင်ပြေပြီး အချက်အချာကျပါတယ်။ ကျွန်တော်တို့ ဈေးသူဈေးသားတွေကလည်း မပြောင်းချင်ကြဘူး။ အဆင့်မြင့်ဈေးအဖြစ် ဆောက်ပေးမယ်ဆိုရင်လည်း ဒီမှာပဲဆောက် စေချင်ပါတယ်။ ဆောက်ပြီးရင်လည်း အရင်တုန်းကလို မတရားသဖြင့် နေရာချထားပေးတာမျိုး မဟုတ်ဘဲ တာမွေယာယီ ဈေးသူဈေးသားတွေ ကို ပြန်လည် နေရာချထားပေးသင့်တယ်”ဟု တာမွေယာယီဈေးမှ ဈေးရုံကိုယ်စားလှယ် ကိုဇော်ဇော်ဝင်းထွန်းက ပြောပါသည်။
ယခင် တာမွေဈေးဟောင်းကို ၁၉၉၄ ခုနှစ်တွင် ဖျက်သိမ်းပြီး နောက် တာမွေ(ယာယီဈေး) နေရာ သို့ ဆိုင်ခန်းများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ဆိုင်ခန်းပေါင်း ၆၃၀ နှင့် အခိုင်အမာ ပျံကျ ဆိုင်ခန်းပေါင်း ၅၄၀ ခန့်ရှိကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment