Wednesday, May 23, 2012

 ဇင်ဘာဘွေသမ္မတ မူဂါဘီက ရာထူးမှ အနားယူလိုကြောင်း ၀န်ကြီးဟောင်းတစ်ဦးကို ပြောကြားခဲ့ဟု သတင်းထွက်

ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အုပ်ချုပ်ရေးမှ အနားယူချင်နေပြီဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းတစ်ဦးကို ပြောကြားခဲ့သည်ဟု ဇင်ဘာဘွေအပတ်စဉ် သတင်းစာတစ်စောင်က မေလ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

''ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ မူဂါဘီက သူပင်ပန်းနေပြီ၊ သူအနားယူချင်နေပြီဟု ပြောခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ Zanu-PF ပါတီ ကျရှုံးသွားနိုင်တာကြောင့် သူအနား မယူနိုင်သေးပါဘူးလို့ ပြောခဲ့ပါတယ်'' ဟု ကာကွယ်ရေးဝန်ကြီးဟောင်း အီနော့အန်ကာလာက The Standard သတင်းစာသို့ ပြောကြားခဲ့သည်။

အသက် ၈၈ နှစ်အရွယ် မူဂါဘီက လက်ရှိအခြေအနေမျိုးတွင် ပါတီကို မထားခဲ့နိုင်ဘဲ ပါတီပြိုလဲသွားနိုင်မှုကို ကာကွယ်ရန်အတွက် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း အန်ကာလာက ပြောကြားခဲ့သည်။ အန်ကာလာသည် ၁၉၈၀ ပြည့်လွန်နှစ်များက မူဂါဘီအစိုးရတွင် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့ပြီး မကြာသေးမီနှစ်များအတွင်း မူဂါဘီကို ဝေဖန်နေသူဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် ဇင်ဘာဘွေကို အုပ်ချုပ်နေခဲ့သော မူဂါဘီသည် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့ သော ညွန့်ပေါင်းအစိုးရသည် ရွေးကောက်ပွဲများကျင်းပရန် စီစဉ်နေသည်။
AFP 

No comments:

Post a Comment