Friday, June 8, 2012

ဒီမက်တီယိုကို နည်းပြအဖြစ် ခန့်အပ်ရန် နီးစပ်လာသည့် ချဲလ်ဆီး အသင်း

ချဲလ်ဆီး အသင်းဟာ နည်းပြ ဂွါဒီယိုလာကို ခေါ်ယူရန် ကြိုးစားမှု မအောင်မြင်ခဲ့ပြီးနောက် ယာယီနည်းပြ ဒီမက်တီယို နည်းပြအဖြစ် ခန့်အပ်ရန်နီးစပ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာကို ခေါ်ယူရန် ကြိုးစားမှု ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချဲလ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ဒီမက်တီယိုကို နည်းပြအဖြစ် ခန့်အပ်ရန် ပြန်လည် စီစဉ်နေကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြ ထားပါတယ်။

ချဲလ်ဆီးနဲ့ ဒီမက်တီယိုတို့ဟာ လက်ရှိချိန် အထိ သဘောတူညီမှု မရရှိသေးသော်လည်း  စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှု ပြုလုပ်သွားဖွယ် ရှိပါတယ်။ ဒီမက်တီယိုဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အသင်းကို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြ ဂွါဒီယိုလာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီမက်ဒီယို အနေနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။

ဒီမက်တီယိုဟာ ချဲလ်ဆီး အသင်းနဲ့ စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိပါက အီတလီ စီးရီးအေကို ပြောင်းရွှေ့ဖွယ် ရှိပါတယ်။ လက်ရှိ အချိန်မှာ ချဲလ်ဆီး ကစားသမားတွေဟာ ဒီမက်တီယိုကို နည်းပြအဖြစ် ခန့်အပ်ရန် ထောက်ခံမှု ပေးထားတာ တွေ့ရပါတယ်။ ချဲလ်ဆီး ကစားသမားတွေဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းပိုင်ရှင် အေဘရာမိုဗစ်ကို တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
MRTV4

No comments:

Post a Comment