Friday, June 1, 2012

မန်းတွင်ဖျော်ဖြေရေးသုံး အီလက်ထရွန်နစ်ပစ္စည်းအများစု ရောင်းအားကျဆင်းလျက်ရှိဟုဆို

မန်းအီလက်ထရွန်နစ်ဈေးကွက်အတွင်း ဖျော်ဖြေရေးဆိုင်ရာအီလက်ထရွန်နစ်ပစ္စည်းများ ရောင်းအား
ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “တီဗွီတို့၊ အောက်စက်တို့ဆို ဒီရက်ပိုင်းမှာ မရောင်းရသလောက်ပဲဗျ။ လူတွေမရှိမဖြစ်လိုအပ်မယ့် လျှပ်စစ်မီးဖိုတို့၊ ထမင်းပေါင်းအိုးတို့ပဲဝယ်ကြတာ။

ဒါတောင် လျှပ်စစ်မီးသိပ်မမှန်သေးတာကြောင့် အရင်ကရောင်းအားကိုတော့ မမီနိုင်သေးဘူး” ဟု ၈၄ လမ်းမကြီးရှိ အီလက်ထရွန်နစ်ဆိုင်အချို့မှ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ “လူတွေက မီးမမှန်တာရယ်၊ ရာသီဥတုပူပြင်းတာရယ်ကြောင့်လားမသိဘူး။ အရောင်းပါးတယ်။ ညနေပိုင်းလောက်မှဆိုင်မှာ လူနည်းနည်းစည်တာ။ တခြားဖျော်ဖြေရေးပစ္စည်းတွေထက်စာရင် DC ပန်ကာတို့၊ ဆိုလာစနစ်တို့ကတော့ ရောင်းအားကောင်းနေတယ်လို့ ပြောရမယ်။ အဓိက မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းလောက်ပဲ လာဝယ်ကြတာများတယ်” ဟု ဇာနည်အီလက်ထရွန်နစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “နှစ်နာရီနောက်ပိုင်းဆိုရင် ၀ယ်သူအရမ်းနည်းသွားတာ သတိထားမိတယ်လေ။ ကျွန်တော်တို့က တီဗွီတွေ၊ DVD Player တွေရောင်းကောင်းတယ်ဆိုပေမယ့် အခုရက်ပိုင်းဝယ်တဲ့သူတွေက နယ်ကလူတွေများတယ်။ မန္တလေးကလူတွေကတော့ Entertainment ပစ္စည်းတွေထက်စာရင် ပန်ကာတို့၊ လေအေးပေးစက်တို့ပဲ အဓိကထားဝယ်ကြတာတွေ့ရတယ်။ လေအေးပေးစက်ဆို တစ်နေ့ရောင်းအား အလုံးရေ ၅၀ ကျော်တယ်” ဟု MT Electronic မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အစကတော့ တီဗွီတွေဈေးကျလို့ ၀ယ်မလို့ပဲဗျ။ ဒါပေမယ့် လျှပ်စစ်မီးကလည်း ပုံမှန်မလာတော့ လောလောဆယ် DC အင်ဗာတာနဲ့သုံးလို့ရတဲ့ Air Cooler ပဲဝယ်ဖြစ်တော့တယ်” ဟု ၀န်ထမ်းတစ်ဦးကပြောသည်။ မြို့သစ် ၆၂ လမ်းပေါ်ရှိ ဆိုင်အချို့၏ပြောကြားချက်အရအခြား Entertainment ပစ္စည်းများထက် မီးစက်များ၊ ပန်ကာများသာ ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရှိရသည်။ 
ရေးသားသူ -ကောင်းမြတ်ထွန်း
Internet Journal

No comments:

Post a Comment