Saturday, July 14, 2012

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုန်းများ မြန်မာ့ဆက်သွယ်ရေး ပြန်ချပေး


ယခင်က လိုင်းဆွဲအား ကောင်းမွန်ခြင်း၊ လိုင်းကြည်ခြင်း တို့ကြောင့် လူကြိုက် များခဲ့သော  စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဖုန်းများ ယခုလ ၁ ရက်နေ့မှ စတင်ပြီး ပြန်လည်ချထားပေးပြီး ဖြစ်သည် ဟု  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
ယင်းဖုန်းများကို ယခုလ ၁ ရက်နေ့တွင် ပြန်လည် ချထား ပေးရာတွင် ကျပ်နှစ်သိန်းခွဲဖြင့် ချထားပေးမည် ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဈေးနှုန်းဖြင့် ချထားပေးမည် ဖြစ်သည်ဟု ယခင်ကပင် ပြောကြားထားပြီး ဖြစ်သည်။
ယင်းဖုန်းများ ချထားပေးခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်က “၇၃ ဖုန်းတွေကို လိုချင်တဲ့သူ များပါတယ်။ ဒါကြောင့် ပြန်ချပေးမယ် ဆိုရင် ဝယ်ကြမယ် လို့တော့ ထင်ပါတယ်။ သိပ်တော့ ခန့်မှန်းလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ နှစ်သိန်းနဲ့ ဂျီအက်စ်အမ်ဖုန်းတွေ ဝယ်ထားကြတဲ့လူတွေလည်း များလို့ပါ။ ဖုန်းလိုင်းကောင်းတော့ ဝယ်ချင်တဲ့သူ ရှိမှာပါ။ ဝယ်မဝယ်တော့ မပြောတတ်ပါဘူး။ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။
ဝယ်ယူလိုသူ တစ်ဦး ကလည်း “ကျွန်တော်ကတော့ ၇၃ ထွက်တော့ ဝယ်ချင်ပါတယ်။ လိုင်းကြည်တာကြောင့် ဝယ်ချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဂျီအက်စ်အမ်တွေက လိုင်းကျပ်တယ်။ ၇၃ က လိုင်းမကျပ်ဘူးဆိုတော့ ဝယ်ချင်ပါတယ်။ ဖုန်းလိုင်းကောင်းကောင်း သုံးလို့ ရတာပေါ့။ ဒါပေမဲ့ သူက ဟန်းဆက် အမြင့်သုံးလို့ မရဘူး။ အဲဒါတော့ မကြိုက်ပါဘူး။ ကျွန်တော်တို့က အင်တာနက်သုံးရင် ဟန်းဆက်မြင့်မြင့် သုံးချင်တယ်။ သူ့မှာလည်း ကောင်းတဲ့ဟန်းဆက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သုံးချင်တဲ့ Brand တွေမရှိတော့ သုံးရမှာ စဉ်းစားရဦးမယ်” ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဖုန်းများကို လိုင်းပြင်ဆင်မှုများကြောင့် ချထားပေးခြင်း၊ ရပ်ဆိုင်း ထားခြင်း ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖြစ်၍ ယခုလ ၁ ရက်နေ့မှ ပြန်လည်ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဖုန်းများကို ယခင်က ချထားပေးရာတွင် ကျပ်ငါးသိန်းဖြင့် ချထားပေးခြင်းဖြစ်ပြီး ၇၃ ဖြင့် စသည့် နံပါတ်ဖြင့် ချထားပေးသည့်ဖုန်းများ ဖြစ်သည်။
ယင်းဖုန်းများမှာ ယခင်က လိုင်းဆွဲအား ကောင်းမွန်ခြင်းကြောင့် လူကြိုက်များသော ဖုန်းများဖြစ်ပြီး ဈေးကွက်အတွင်းတွင် ကျပ်ခြောက်သိန်း ကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့သည်။ ယင်းဖုန်းများမှာ ပြည်တွင်းတွင် ကျပ်ငါးသိန်းဖြင့် စတင် ချထားပေးသည့် ဖုန်းများလည်း ဖြစ်သည်။
yoyarlay blog

No comments:

Post a Comment