Monday, July 2, 2012

လန်ဒန်အိုလံပစ်အား အယ်ကေဒါများ ပစ်မှတ်ထားမည်ကို ဗြိတိန်တို့ စိုးရိမ်လျက်ရှိ

ဗြိတိန်အိုလံပစ်ပွဲသည် အကြမ်းဖက်သမားများအတွက် အလွန်ဆွဲဆောင်မှုရှိသော ပစ်မှတ်တစ်ခုဖြစ်ပြီး အကြမ်းဖက်သမားအနေဖြင့် တိုက်ခိုက်မှုပြုလုပ်ရန် မည်သည့်နည်းလမ်းမဆို အသုံးပြုရန် ကြံရွယ်နေကြောင်း ပြည်တွင်းထောက်လှမ်း ရေးအေဂျင်စီ အမ်အိုင်-၅ ၏ ညွန်ချုပ် ဂျိုနသန်အီဗန်စ်က ပြောကြားခဲ့သည်။

သို့ရာတွင် ပြည်တွင်း၊ ပြည်ပတွင်ရှိသော အကြမ်းဖက်သမားတို့၏ အစီအစဉ်များအား လွန်ခဲ့သည့် နှစ်များကတည်းကစ၍  ဖျက်စီးနိုင်ခဲ့သောကြောင့် အကြမ်းဖက်သမားတို့၏ ပစ်မှတ်လွယ်ကူစွာ မဖြစ်နိုင်ကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် အီဗန်စ်က ပြောကြားခဲ့သည်။ အီဗန်စ်က လန်ဒန်အိုလံပစ်တွင် အောင်မြင်မှုနှင့် အမှတ်တရများစွာ ကျန်ခဲ့စေရန် အာမခံကြောင်း ကတိပေးခဲ့ပြီး လုံခြုံရေး အာမခံပေးနိုင်ရေးအတွက် အလွန် အလုပ်များနေကြောင်း ပြောကြားခဲ့သည်။
MI5 နှင့် အခြားအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့များသည် လူ ၅၂ ဦးသေဆုံး၍ လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သော ၂၀၀၅ ခုနှစ်က လန်ဒန်မြေအောက်ရထားလိုင်းများ၌ ဖြစ်ပွားခဲ့သော အသေခံ ဗုံးဖောက်ခွဲမှုဖြစ်စဉ်များပြီးနောက် ဗြိတိန်မြေပေါ်တွင် နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရန် တားဆီးခဲ့သည်။ 
ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်သည့် နည်းစနစ်များသည် ပြီးခဲ့သည့်နှစ်များအတွင်း၌ များစွာ တိုးတက်လာခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား တားဆီးသည်ထက် ပို၍ကောင်းမွန်သော နည်းလမ်းများရှိကြောင်း အီဗန်စ်က ဆက်လက်ပြောကြားခဲ့သည်။
အီဗန်စ်သည် ပြီးခဲ့သည့်နှစ် အာရပ်နွေဦး ပြောင်းလဲမှုများ၏ မတည်ငြိမ်မှုများကို အခွင့်ကောင်းယူပြီး အယ်ကေဒါများသည် ခြိမ်းခြောက်မှုအသစ်များကိုလည်း ပြုလုပ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ အာရပ်နိုင်ငံများတွင်ဒီမိုကရေစီ တော်လှန်ရေးများ ပေါ်ပေါက်လာသည့်အတွက် မျှော်လင့်ချက်ရှိသော်လည်း အယ်ကေဒါများသည် ၎င်းတို့၏ မူလနေရပ်ဖြစ်သော အာဖဂန်နစ္စတန်သို့ ပြန်၍ အုပ်စုဖွဲ့မှုများသည် ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း အီဗန်စ်ကဆိုသည်။
စာရင်းဇယားများအရ ဗြိတိန်နိုင်ငံဖွား အစ္စလာမ္မစ်များသည် အယ်ကေဒါများ၏ လေ့ကျင့်မှုများကိုခံယူရန် လစ်ဗျား၊ အီဂျစ်၊ ယီမင်နှင့် ဆိုမာလီယာစသည့် အာရပ်နိုင်ငံများသို့ သွားရောက်သူများရှိကြောင်းနှင့်  ဆိုမာလီယာရှိ အကြမ်းဖက်အဖွဲ့များထဲတွင် ပါဝင်နေသူများမှ ၁၀၀ ခန့်ရှိ ကြောင်း သိရသည်။
ယင်းဗြိတိန်နိုင်ငံဖွား အစ္စလာမ္မစ်များသည် အိုလံပစ်ပွဲအတွက် ယူကေသို့ ပြန်လာကာ ခြိမ်းခြောက်မှုများ ပြုလုပ်မည်ကိုလည်း စိုးရိမ်နေကြသည်။

Ref: AFP
EMG

No comments:

Post a Comment