Monday, July 2, 2012

 ဆီးရီးယားဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်သစ်သည် အကျပ်အတည်း ပြေလည်စေမည်ဟု အာမမခံကြောင်း ဟီလာရီဝန်ခံ


ဆီးရီးယား နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တစ်ခု ဇွန်လ ၃၀ ရက်တွင် ရရှိခဲ့သော်လည်း ယင်းသဘောတူညီချက်သည် ဆီးရီးယား နိုင်ငံရေးပြဿနာ ပြေလည်သွားမည် ဟု အာမမခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာ ရီကလင်တန်က ၀န်ခံပြောကြားခဲ့သည်။ ''ကျွန်မတို့ အောင်မြင်မှုရလိမ့်မယ်လို့ အာမမခံနိုင်ပါဘူး။ အဲဒီလိုပြောရတာကိုပဲ ကျွန်မမကြိုက်ပါဘူး'' ဟု သူက ပြောကြားခဲ့သည်။
သို့သော် သဘောတူညီချက်သစ်အရ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ အာဏာကျဆင်းစေရန် ကူညီပေးနိုင်မည်ဟု ဟီလာရီက အကောင်းဘက်က ရှုမြင်ခဲ့သည်။
ရုရှားနှင့်တရုတ်က ပထမဆုံးအကြိမ် ထောက်ခံမှုပေးထားသော  ယင်းသဘောတူညီချက်သစ်အရ ၁၆ လ ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားနိုင်ငံရေး ပဋိပက္ခ ပြေလည်စေရေး ကနဦးခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ဖွဲ့ရန်ဖြစ် သည်။ သို့သော် အာဆတ် အာဏာတည်မြဲနိုင်ရေး လမ်းပွင့်နေဆဲဖြစ်သော သဘောတူညီချက်ဟု ဆီးရီးယားအတိုက်အခံတို့က ဝေဖန်ခဲ့သည်။
ဟီလာရီကမူ အသွင်ကူးပြောင်းရေးအစိုးရတွင် အာဆတ်နှင့် သူ၏ အတွင်းစည်းလူများမပါသင့်ကြောင်း အကြံပြုထားသည်။ သို့သော် ဆီးရီးယားအစိုးရနှင့် အတိုက်အခံနှစ်ဘက်စလုံးမှ လူများပါသင့်ကြောင်းကိုမူ လက်ခံထားသည်။ ''အဲဒီ အစီအစဉ်ထဲမှာ အာဆတ်ပါလာမှာ မဟုတ်ဘူး''ဟု ဟီလာရီက သဘောတူညီမှုရအပြီး ပြောကြားခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment