Wednesday, July 11, 2012

Postpaid မှ Prepaid သို့ ကူးပြောင်းရန်လွယ်ကူသော်လည်း Prepaid မှ Postpaid ကူးပြောင်းရန် လွယ်ကူမည်မဟုတ်ဟုဆို


အသုံးပြုရန်ဘီလ်ကို ကြိုတင်ပေးဆောင်ခြင်း (Prepaid) စနစ်နှင့် အသုံးပြုဘီလ်ကို အသုံးပြုပြီးမှပေးဆောင်ခြင်း (Postpaid) စနစ်ဟူ၍ မြန်မာ့ဆက်သွယ်ရေး၏ တယ်လီဖုန်းဘီလ် ကောက်ခံရေးစနစ်နှစ်ခု အနက် Postpaid မှ Prepaid စနစ်သို့ကူးပြောင်းရန်မှာ လွယ်ကူသော်လည်း Prepaid စနစ်မှ Postpaid စနစ်သို့ကူးပြောင်းရန်မှာ

လွယ်ကူမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။ မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် Prepaid စနစ်ကိုအသုံးမပြုလိုပါက ဘဏ်များနှင့်ချိတ်ဆက်၍ အွန်လိုင်းဘီလ်စနစ်ကိုသာ ဆက်လက်ကျင်သုံးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သော်လည်း ရန်ကုန်မြို့နှင့်မန္တလေးမြို့ပြင်ပရှိ မိုဘိုင်းဖုန်းများအနေဖြင့် ယခင်အတိုင်း ငွေလက်ခံကောင်တာများ၌ ကျသင့်ဘီလ်များကို ဆက်လက်ပေးဆောင်နိုင်မည်ဖြစ်သည်။ အလားတူ ဘဏ်များနှင့်ဆက်သွယ်၍ အွန်လိုင်းတယ်လီဖုန်းဘီလ် ပေးဆောင်နေကြသူများအနေဖြင့်လည်း Prepaid သို့ ပြန်လည်ပြောင်းလဲအသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် ဘဏ်များအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပုဂ္ဂလိကဘဏ်တချို့မှသိရသည်။ “လစဉ်လတိုင်း ၂၈ ရက်နေ့အထိ Prepaid စနစ်ပြောင်းလဲလိုသူတွေက ဆန္ဒပြုတဲ့ SMS ကိုပေးပို့လို့ရတယ်။ ပြောင်းမယ်ဆိုရင် သေချာစဉ်းစားပြီး ပို့ပေးလို့ရတယ်။ Postpaid ကနေ Prepaid စနစ်ကို ပြောင်းလဲရတာလွယ်ပေမယ့် Postpaid စနစ်ကိုပြန်ပြောင်းချင်ရင်တော့ လွယ်မှာမဟုတ်ဘူး။ ကွာတာကတော့ အသုံးပြုပြီးမှ ဘီလ်ပေးရ တာနဲ့ အသုံးမပြုခင်ဘီလ်ပေးရတာ ကွာတယ်” ဟု မြန်မာ့ဆက်သွယ်ရေးနှင့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။ ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိုဘိုင်းဖုန်းများအတွက် သြဂုတ်လ ဘီလ်အထိသာ ငွေလက်ခံကောင်တာများအနေဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာထားပြီး ဘဏ်များမှတစ်ဆင့် အွန်လိုင်းဖုန်းဘီလ်ပေးဆောင်လိုခြင်းမရှိပါက ၁၁၂၈ သို့ YES ဟုသောစာသားကို ပေးပို့၍ Prepaid စနစ်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ကြောင်း သိရသည်။ Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုလိုက်သည့် မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် ယခင်ဘီလ်စနစ်မှ ပိုငွေများကို နည်းလမ်းသုံးမျိုးဖြင့် လွဲပြောင်းထုတ်ယူနိုင်ကြောင်း၊ ပထမနည်းလမ်းမှာ ဖုန်းလိုင်းတစ်ခုခု၏ ဘီလ်စနစ်သို့လွဲပြောင်းပေးခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ဘဏ်များနှင့်ညှိနှိုင်း၍ ဘဏ်အကောင့်ဆီသို့ လွဲပြောင်းခြင်းဖြစ်သည်။ ထို့အပြင်လက်ကျန်ငွေ ၁ သိန်းနှင့်အထက်ရှိပါက ချက်လက်မှတ်ဖြင့်လည်း ပြန်လည်ထုတ်ယူမှုပြုလုပ်နိုင်ကြောင်း သိရသည်။ ငွေလွှဲပြောင်း ထုတ်ယူမှုများကိုမူ ငွေစာရင်းဌာနသို့ တင်ပြရမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။
Internet Journal

No comments:

Post a Comment