ဂျပန်နိုင်ငံတွင် (၆၇)နှစ်မြောက်
ဟီရိုရှီးမားနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တနင်္လာနေ့ (သြဂုတ် ၆ ရက်) သည် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်က ဂျပန်နိုင်ငံ၏
ဟီရိုရှီးမား မြို့ပေါ်သို့ အက်တမ်ဗုံး ကြဲချခဲ့သည့် နှစ်ပတ်လည်
နေ့လည်းဖြစ်သည်။ အဆိုပါဗုံးသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော အနုမြူဗုံးဖြင့်
တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။ အမေရိကန်သည် နောက်ထပ် (၃)ရက် အကြာတွင်
နာဂါစကီမြို့ကို နောက်တစ်ကြိမ် အနုမြူဗုံး ကြဲချခဲ့ပြီးနောက် ဂျပန်တို့
အရှုံးပေးခဲ့ကာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။

ဟီရိုးရှီးမားရှိ ဗုံးကျခဲ့ရာ နေရာအနီး
ငြိမ်းချမ်းရေး ပန်းခြံတွင် လူပေါင်း (၅၀၀၀၀)ကျော် စုရုံးကာ ကြေကွဲမှုကို
ပြသခဲ့ကြသည်။ ထိုစဉ်က ဗုံးကြဲခံရသဖြင့် လူပေါင်း (၁၄၀၀၀၀)ကျော်
အသက်ဆုံးရှုံးခဲ့ရသည်။ နာဂါစကီတွင်လည်း လူပေါင်း ထောင်နှင့် သောင်းနှင့်ချီ
သေဆုံးပြီးနောက် မဟာမိတ်တို့ စစ်ပွဲကို အောင်နိုင်ခွင့် ရခဲ့သည်။ ယခုနှစ်
အခမ်းအနားတွင် နိုင်ငံပေါင်း (၇၀)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပန်းစည်းများကို ဟီရိုရှီးမား၏ ထာဝရ မီးတိုင်အနီးတွင် လာရောက်
ချထားခဲ့ကြသည်။ ဟီရိုရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက ယနေ့ခေတ်
ဂျပန်နိုင်ငံသည် နျူကလီးယား စစ်လက်နက် ကင်းစင်သည့် ငြိမ်းချမ်းသော ကမ္ဘာကို
ဦးဆောင်ဦးရွက် ပြုနိုင်ရန် ကြိုးစားရမည်ဟု ပြောကြားသွားသည်။
"နျူကလီးယား လက်နက်တွေ ကင်းဝေးဖို့
တောင်းဆိုမှုတွေဟာ ဟီရိုရှီးမားကနေ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်မယ်လို့
ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ငြိမ်ချမ်းရေးအတွက်
ဦးဆောင်ဖို့ လိုပါတယ်"ဟု မြို့တော်ဝန်က ဆိုသည်။ ၎င်းက မြို့ပေါ်သို့
ဗုံးကျစဉ်က အသက်ရှင် ကျန်ရစ်သူများ၏ ပျမ်းမျှအသက်အရွယ်သည် ယခုအခါ (၇၈)နှစ်
ဝန်းကျင် ရှိနေပြီဟုလည်း ပြောကြားခဲ့သည်။ ယခု အခမ်းအနားသို့
အမေရိကန်နိုင်ငံကို ကိုယ်စားပြုကာ သံအမတ်ကြီး ဂျွန်ရူးစ် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။ Source: WashingtonPost
Planet
No comments:
Post a Comment