Wednesday, August 1, 2012

ယီမင်ပြည်ထဲရေးဝန်ကြီးဌာနအား သေနတ်သမားများ တိုက်ခိုက်


ယီမင်နိုင်ငံတွင် ပြည်ထဲရေး ဝန်ကြီးဌာနကို သေနတ်သမားများက စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့မှုကြောင့် လူပေါင်း (၁၇)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ ယီမင်စစ်တပ်မှ ဘက်ပြောင်းသွားသူများ အပါအဝင် သေနတ်သမားများက ဝန်ကြီးဌာနကို စီးနင်းတိုက်ခိုက်စဉ် လုံခြုံရေး တပ်ဖွဲ့များက ခုခံခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ယီမင်အစိုးရကို ဆန့်ကျင်မှုများ အားကောင်း ပြင်းထန်လာချိန်တွင် တော်လှန်ရေး အင်အားစုများ၏ ခြေလှမ်းသည် တစ်စထက်တစ်စ ပိုစိပ်လာခဲ့ခြင်း ဖြစ်သည်။ "စစ်သား (၁၁)ယောက်ရဲ့ ရုပ်အလောင်းတွေကို ဆေးရုံကို သယ်လာပါတယ်။ လူတော်တော်များများကိုလည်း ကုသပေးနေရတုန်းပါ"ဟု ဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားသွားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက "လုံခြုံရေး တပ်ဖွဲ့တွေဟာ ဘက်ပြောင်းသွားတဲ့ စစ်သား (၂၈)ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ဝန်ကြီးဌာနထဲ ဝင်ရောက်လာတာပါ။ အဆောက်အအုံထဲမှာ အဲဒီ အယောင်ဆောင် တပ်ဖွဲ့တွေရဲ့ အလောင်း(၆)လောင်းကိုလည်း တွေ့ခဲ့ရပါတယ်"ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လုံခြုံရေး တပ်ဖွဲ့များသည် ဝန်ကြီးဌာန အဆောက်အအုံကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားနိုင်ကြောင်းနှင့် လက်နက်ကိုင် ဝင်ရောက်လာသူ အများအပြား ဆုတ်ခွာသွားကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ယီမင်ရဲတပ်ဖွဲ့က အတိုက်အခံခေါင်းဆောင် ဆာကွစ် အယ်လ်အမာကို သစ္စာခံသည့် တပ်ဖွဲ့များက ဝန်ကြီးဌာန အဆောက်အအုံကို စီးနင်းရန် ကြိုးပမ်းခဲ့ကြောင်း ဝန်ခံသွားသည်။ လူအင်အား အများအပြားဖြင့် ထိုးဖောက်လာသည့် ဘက်ပြောင်း စစ်သားများအား ဝန်ကြီးဌာန အနီးရှိ စစ်စခန်းတွင် ရှိနေသော လုံခြုံရေး တပ်ဖွဲ့များက ခုခံ ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ချိန် (၁၀)နာရီမျှ ကြာမြင့်ပြီးမှ သေနတ်သမားများ ပြန်လည် ဆုတ်ခွာသွားခြင်းဟု ရဲတပ်ဖွဲ့မှာ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။

Source: XinhuaNet

Planet

No comments:

Post a Comment