Thursday, August 30, 2012

မိုဘိုင်းဖုန်းလိုင်းများကို အလကားပေးရမည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင် ဦးသောင်းတင်အကြံပြု


လူအများအနေဖြင့် ၅ ထောင်တန်ဖုန်းထွက်ရှိလာလျှင် ကောင်းမည်ဟူ၍သော်လည်းကောင်း၊ ၅ သောင်းတန်ဖုန်း ထွက်ရှိလာလျှင် ကောင်းမည်ဟူ၍သော်လည်းကောင်း အမျိုးမျိုးပြောဆိုနေကြသော်လည်း နိုင်ငံတော်သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင် ဦးသောင်းတင်က

မိုဘိုင်းဖုန်းလိုင်းများ၏ဈေးနှုန်းသည် မည်သည့်ဈေးနှုန်းမှသင့်တော်ခြင်းမရှိဘဲ နိုင်ငံတကာနည်းတူ မိုဘိုင်းဖုန်းလိုင်းများကို အလကားပေးရမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများကို အကြံပြုပြောကြားလိုက်သည်။ သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ဦးသောင်းတင်က အကြံပြုပြောကြားခဲ့ခြင်းဖြစ်ပြီး အကြံပြုချက်တချို့ကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးသိန်းထွန်းက အသိအမှတ်ပြုစကား ပြန်လည်ပြောကြားခဲ့သည်။ “ကျွန်တော့အမြင်နဲ့ပြောရရင် ဘယ်ဈေးနှုန်းကမှ မသင့်တော်ပါဘူး။ သူကပြန်ပေးရပါမယ်။ တယ်လီဖုန်းကို အလကားပေးရပါမယ်။ ပြီးရင် စတင်အသုံးပြုတယ်ဆိုရင်ပဲ မိနစ် ၂၀၀ အလကား ဆက်ခွင့်ပေးတာမျိုး၊ ဟန်းဆက်အလကားပေးလိုက်တာမျိုး ရှိရပါမယ်။ ကိုယ်ကပေးရတဲ့ဈေးနှုန်းက မသင့်တော်ပါဘူး။ ကိုယ်ကပြန်ရရပါမယ်။ ဒါက အင်တာနေရှင်နယ်သဘောဖြစ်ပါတယ်” ဟု ဦးသောင်းတင်ကဆိုသည်။ ဆက်လက်၍ ဦးသောင်းတင်က အင်တာနက်စနစ် အရည်အသွေးနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာများ၌ Complain လုပ်စရာ အများအပြားရှိကြောင်း၊ ပြိုင်ဆိုင်မှုမရှိသော ကိစ္စရပ်များနှင့် အင်တာနက်ပြတ်တောက်၍ ဖုန်းဆက်သည့်အခါ၌ တောင်းပန်ခြင်းနှင့် လျော်ကြေးပေးခြင်းများကို နိုင်ငံတကာနည်းတူ ဖြစ်ပေါ်လာရန်လိုအပ်ကြောင်း အကြံပြုပြောကြားသည်။ “ဆားဗစ်ပေးတဲ့ကုမ္ပဏီတွေဟာ နဂိုသတ်မှတ်ထားတဲ့ ဆားဗစ်မပေးနိုင်ရင် ဒဏ်ကြေးတပ်ရပါမယ်။ စာချုပ်ချုပ်ကတည်းက ဘာကိုပေးနိုင်တယ်ဆိုတာ ကြိုတင်သတ်မှတ်ရပါမယ်။ ကျွန်တော်တို့ ဘတ်(စ်)ကားစီးတဲ့အခါမှာ ဘတ်(စ်) ကားတန်ဖိုးမပေးရပါဘူး။ လက်မှတ်ဖိုးပဲ ပေးရတာဖြစ်ပါတယ်။ ဘတ်(စ်)ကားထောင်သူက ဘတ်(စ်) ကားတန်ဖိုးကို နောက် ၅ နှစ်နေမှ အရင်းကျေဖို့ နောက် ၁၀ နှစ်နေမှ အရင်းကျေဖို့ စဉ်းစားထားတာပါ။ ဒါဟာ မတူညီတဲ့ စီးပွားရေးမော်ဒယ်လ်တစ်ခုပါ။ နိုင်ငံတကာမှာလည်း အချိန်တစ်ခုယူပြီး ဒီလိုမျိုး ပြောင်းလဲသွားကြတာပါပဲ” ဟု ဦးသောင်းတင်ကပြောသည်။ လက်ရှိအချိန်၌ ၂ သိန်းတန် ဂျီအက်စ်အမ်ဖုန်းလိုင်းများကို တန်ဖိုးနည်းဖုန်းလိုင်းဟူသောအမည်ဖြင့် ဧပြီလအတွင်းက ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးခဲ့သည်။ ထွက်ပေါ်လာသည့် သတင်းများအရ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အနေဖြင့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ်တစ်သိန်းဖြင့် ချထားပေးနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။ “ဥပမာအနေနဲ့ အာဖရိကမှာ ရေမရ၊ မီးမရတဲ့နေရာတွေ အများကြီးရှိနေသေးတယ်။ သို့သော် အဲဒီမှာ ဖုန်းကတော့ရနေခဲ့တယ်။ အဲဒီအပေါ်မှာ သိသိသာသာ အကျိုးရှိတာလည်း တွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တယ်လီဖုန်းသိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးလိုက်တာနဲ့တစ်ပြိုင်နက် GDP ဟာ ၁.၅ ရာခိုင်နှုန်းလောက် တက်လာတယ်။ ဒီလိုပဲ အင်တာနက်သိပ်သည်း ဆကို ၁၀ ရာခိုင်နှုန်းတိုးလိုက်တာနဲ့ GDP ဟာလည်း ၁.၅ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဒါက နိုင်ငံတကာအတွေ့အကြုံအရ သေချာမှုရှိတဲ့ ကိစ္စရပ်တစ်ခုပဲ”ဟု ဦးသောင်းတင်ကဆိုသည်။ 
ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment