Thursday, August 30, 2012

အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်များသို့ အမှတ်ပေါင်း ၄၅၀နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ယခုလာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် အဆင့်မြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားမည့် ပထမနှစ်ဝင်ခွင့်သင်တန်းများ တက်ရောက်ရန် ၀င်ခွင့်လျှောက်လွှာများ ခေါ်ယူသည်ဟုသိရသည်။

အဆိုပါတက္ကသိုလ်များသို့ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၅၀ မှတ်နှင့် အထက်ရရှိပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် ကွန်ပျူတာတက္ကသိုလ်များသို့ ၀င်ခွင့်ရှိသည့် ဘာသာတွဲများဖြင့်အောင်မြင်သူများ လျှောက်ထားနိုင်သည်။ တက္ကသိုလ်တစ်ခုလျှင် အများဆုံး သင်တန်းသား ၂၀၀ ဦးစီ လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များ၏ သင်တန်းကာလမှာငါးနှစ်ဖြစ်ပြီး ကွန်ပျူတာပညာရပ်ဆိုင်ရာဘွဲ့များဖြစ်သည့် B.C.Sc (Software Engineering), B.C.Sc (Khowledge Engineering), B.C.Sc (Business Information System), B.C.Sc (High Performance Computing), B.C.Tech (Communication and
Network), B.C.Tech (Computer System) နှင့် B.C. Tech (Embedded System) စသည့် ဘွဲ့သင်တန်း ၇ မျိုးကို ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ရန်ကုန်တွင်ဖွင့်လှစ်မည့် အဆင့်မြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး အထက်မြန်မာပြည်မှ အောင်မြင်သူများအနေဖြင့် အဆင့်မြင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်ရမည်ဟုသိရသည်။ လျှောက်လွှာများကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်ထက် နောက်မကျဘဲ လျှောက်ထားရမည်ဖြစ်ပြီး  လက်ရှိ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများတင်သွင်ခြင်း မပြုရသေးသူများအနေဖြင့် ထိုတက္ကသိုလ်များသို့ လျှောက်ထားလိုပါက ဦးစားပေးတက္ကသိုလ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (အဆင့်မြင့်)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) ဟု ရေးသားလျှောက်ထားရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ တင်သွင်းပြီးသူများအနေဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်များတွင် လျှောက်လွှာများ သွားရောက်ထုတ်ယူပြီး လျှောက်လွှာတွင် သက်ဆိုင်ရာအချက်အလက်များကို ဖြည့်သွင်းရမည့်အပြင် မူလလျှောက်ထားပြီးဖြစ်သည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၏ သက်ဆိုင်ရာအချက်အလက်များကို ဖြည့်သွင်းရမည့်အပြင် မူလလျှောက်ထားပြီးဖြစ်သည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၏ စာအိတ်နံပါတ်ကိုလည်း ထင်ရှားပြတ်သားစွာ ရေးသားဖော်ပြရမည်ဖြစ်သည်။ တက္ကသိုလ်ရွေးချယ်ရေးအဖွဲ့မှ ယခုတင်သွင်းမည့် လျှောက်လွှာကို ဦးစားပေး(၁) ဟု သတ်မှတ်မည်ဖြစ်ပြီး ယခင်ဦးစားပေး ၁ နေရာတွင် လျှောက်ထားခဲ့သည့် တက္ကသိုလ်ကို ဒုတိယဦးစားပေးအနေဖြင့် ပြောင်းလဲစဉ်းစားပေးသွားမည်ဟု သိရသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၄၁၂၀၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဖုန်း-၀၁-၆၁၀ ၆၅၅ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် ဖုန်း-၀၉-၆၅၀ ၂၂၁၅သို့ ဆက်သွယ်မေးမြန်းနိုင်သည်။ 
ရေးသားသူ -ကိုဟိန်း၊ မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment