Wednesday, August 1, 2012

ငရဲပြည်တံခါးပေါက်အဖြစ် တင်စားခံရသည့် သဲကန္တာရအတွင်းမှ တွင်းကြီး


အာရှတိုက် အလယ်ပိုင်း၊ ကာရာကမ် သဲကန္တာရ အတွင်းရှိ တွင်းကြီးတစ်ခုသည် ငရဲပြည်၏ တံခါးပေါက်အဖြစ် တင်စားခြင်း ခံရသော နေရာတစ်ခုဖြစ်သည်။ အဆိုပါ တွင်းကြီးသည် ရုတ်တရက် ကြည့်မြင်ရပါက စိတ်ကူးယဉ် သိပ္ပံ ဇာတ်ကား တစ်ခုတွင် တွေ့မြင်ရသည့် အခြားဂြိုဟ်မှ မီးတွင်းကြီး တစ်ခုသဖွယ် ထင်မှတ်နိုင်သည်။ ထိုတွင်းကြီးတွင် မီးများ လောင်ကျွမ်းနေသည်မှာ နှစ်ပေါင်း (၄၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ 
တာ့ခ်မစ်နစ္စတန် နိုင်ငံရှိ ဒါဝီဇီ အရပ်မှ တွင်းကြီးကို ဒေသခံများက ငရဲတံခါးပေါက်ဟု ခေါ်ဝေါ်ကြသည်။ ဆိုဗီယက်တို့ ကြီးစိုးသည့် (၁၉၇၁)ခုနှစ်က ဆိုဗီယက် သိပ္ပံပညာရှင်များသည် ထိုတွင်းကြီးရှိ အဆိပ်အတောက် ဖြစ်စေနိုင်သော သဘာဝ ဓာတ်ငွေ့များကို ရှင်းထုတ်ရန် မီးတင်ရှို့ခဲ့သည်။ ၎င်းတို့က ရက်အနည်းငယ် အတောအတွင်း အဆိပ်ဓာတ်ငွေ့များ ကုန်ဆုံးသွားမည်ဟု ယူဆထားသော်လည်း အချင်းမီတာ(၇၀)ရှိသော တွင်းကြီးသည် ယနေ့တိုင် မီးမငြိမ်းတော့ချေ။ 
(၄၁)နှစ်ကြာ လောင်ကျွမ်းနေသည့် တွင်းကြီး၏ သက်တမ်း မည်မျှဆက်လက် ရှည်ကြာမည်ဆိုသော အချက်ကိုလည်း မည်သူမျှ အဖြေမထုတ်နိုင်သေးဘဲ ရှိနေသည်။ ရွှေရောင်တောက်ပနေသော မီးလျံများကို မိုင်နှင့်ချီဝေးသော ဒါဝီဇီမှပင် တွေ့မြင်နိုင်သည်။ ဒါဝီဇီသည် လူပေါင်း(၃၅၀)မျှသာ စုရုံးနေထိုင်သော ကျေးရွာလေးဖြစ်သည်။ ထိုတွင်းနေရာသည် နိုင်ငံမြို့တော် အက်ရှ်ဂါဘတ်မှ မြောက်ဘက် မိုင်ပေါင်း (၂၆၀) အကွာတွင် တည်ရှိသည်။ ထိုတွင်းကြီး တည်ရှိနေသော ဒေသသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ ပေါများစွာ ထွက်ရှိသည့် နေရာလည်းဖြစ်ကြောင်း သိရှိရသည်။
Planet  

No comments:

Post a Comment