Thursday, September 6, 2012

ဘူးသီးတောင်မောင်တောမြောက်ပိုင်းဒေသများ၌ တစ်နိုင်တစ်ပိုင် ဝါးစိုက်ခင်းများ ပြုလုပ်လာ

ဝါးဈေးနှုန်းကြီးလာမှုကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ အချို့ဒေသများတွင် တစ်ပိုင်တစ်နိုင်ဝါးစိုက်ခင်းများ ထူထောင်စိုက်ပျိုးလာကြောင်း ဒေသခံများထံက သိရသည်။
 
မာင်တောမြောက်ပိုင်းဒေသများဖြစ်သည့် မင်းကြီးရွာ၊ တမန်းသား၊ မင်းခမောင်း၊ အာင်သပြေအစရှိသည့် ကျေးရွာများနှင့် ဘူးသီးတောင်မြို့နယ်ရှိ တောင်ပူဆာ၊ ခထီးလှ၊ ပြင်ခေါင်၊တောင်ကြီးရင်း၊ ဇီးတုံ အစရှိသည့်ကျေးရွာများတွင် တစ်ပိုင်တနိုင် ဝါးတောများစိုက်ပျိုးလာခြင်းဖြစ်သည်။
 
မောင်တောနှင့်ဘူးသီးတောင်ဒေသတွင်း နေအိမ်များတွင် အခြေခံအိမ်ဆောက် ပစ္စည်းများ ဖြစ်သည့် ဝါးထုတ်ယူသုံးစွဲရာတွင် စိုင်းဒင်တောင်တန်း၌ သဘာဝအလျောက် ဝါးတော ဝါးကျင်းများ အပွင့်အသီးသီးကာ မျိုးတုန်းခြောက်သွေ့လာမှုများကြောင့် ဝါးဈေးနှုန်းမှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာကြောင်း သိရသည်။
 
ဒေသခံသဘာဝပတ်ဝန်းကျင် လေ့လာသူများ၏အဆိုအရ ဝါးတော၊ ဝါးကျင်းများမှာ ပျက်သုဉ်းလာခြင်းမှာ လွန်ခဲ့သော ရှစ်နှစ်ဝန်းကျင်ကတည်းက အစပျိုးဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
 
ထိုကဲ့သို့ဝါးတောဝါးကျင်းများ ပျက်သုဉ်းလာမှုများကြောင့် ဝါးအထွက်နှုန်းလျော့နည်းကျဆင်း လာရာ ယခုနှစ်လက်ရှိအခြေအနေအရ ဒေသတွင်းအခြေခံ အိမ်ဆောက်ပစ္စည်း ဈေးကွက်၌ အိမ်သုံးဝါးကြီး အလုံးတစ်ရာကို နှစ်သောင်း(၂ဝဝဝဝ) ကျပ်ဝန်းကျင်နှင့် ဝါးအလုံးအသေး အလုံးတစ်ရာလျှင် တစ်သောင်းသုံးထောင်(၁၃ဝဝဝ)ကျပ်ဝန်းကျင်အထိ အမြင့်ဈေးတွင်ရှိ နေကြောင်း သိရှိရသည်။
 
''ွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်လောက်က အိမ်သုံးဝါးကြီးအလုံးတစ်ရာကို လေးထောင်(၄ဝဝဝ) ကျပ်၊ အသေးတစ်ရာကို   နှစ်ထောင်(၂ဝဝဝ)ကျပ် ပဲရှိခဲ့တာ၊ အဲ့ဒီနှစ်တွေနောက်ပိုင်း ဝါးဈေးနှုန်း တစ်နှစ်ထက် တစ်နှစ်တက်လာပြီး အခုလိုဖြစ်လာတာ၊ဒီလိုဝါးဈေးနှုန်းမြင့်တက်လာတော့တစ်ချို့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေဆို အသစ်ဆောက်ဖို့လိုအပ်နေတဲ့ နေအိမ်ကို ဝါးမဝယ်နိုင်လို့ ဒီအတိုင်းပြုပြင်ဖာထေးပြီး နေကြရတယ်'' ဟု ဘူးသီးတောင် ဒေသခံတစ်ဦး ကပြောသည်။
 
ဝါးတော ဝါးကျင်းများ ပျက်သုဉ်းမှုမှာ နှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ်ခန့်တွင် တစ်ကြိမ်ကျ ဖြစ်ပွားတတ်ပြီး ယခုစိုင်း ဒင်ဒေသတွင် ဝါးသုဉ်းမှုဖြစ်ရခြင်းမှာ ကြွက်ဝမ်းဖြူများ ပေါများလာခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံတောင်သူများက ဆိုသည်။
 
ရခိုင်ဒေသထွက်အခြေခံအိမ်ဆောက်ပစ္စည်းဝါးများကိုတစ်ဖက်ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ မောင်တောနယ် စပ်ကုန်သွယ်ရေးစခန်းမှ နှစ်စဉ်ဝါးအလုံးရေ ပမာဏအမြောက်အများထုတ်လုပ် တင်ပို့လျက်ရှိရာ စိုင်းဒင်ဒေသမှ (၆ဝ)ရာခိုင်နှုန်း မောင်တောဒေသမှ (၃ဝ)ရာခိုင်နှုန်းနှင့် လေး မြို့ချောင်းဒေသမှ (၁ဝ)ရာခိုင်နှုန်း တင်ပို့လျက်ရှိကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာရကန်ကိုကို (မောင်တော-မြစ်မခ)

No comments:

Post a Comment