Monday, October 1, 2012

မြင်းကပါရွာအရုပ်သွင်းပွဲ၌ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များထည့်သွင်းမှုများရှိလာ



တော်သလင်းလပြည့်နေ့ရောက်ရှိတိုင်း ပုဂံညောင်ဦးမြို့နယ် မြင်းကပါရပ်ကွက်ရှိ  မနုဟာ ဘုရားပွဲတွင် အရုပ်သွင်းပွဲများ ထည့်သွင်းကျင်းပလေ့ရှိကြောင်း သိရှိရသည်။
 
 ထိုသို့ကျင်းပခဲ့ရာ၌ ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်းအရုပ်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရုပ်အား  ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
 
 သထုံမင်း တည်ထားကိုးကွယ်ခဲ့သော မနုဟာဘုရားပွဲတွင် နှစ်စဉ်နှစ်တိုင်း အရုပ်သွင်းပွဲများထည့်သွင်း ကျင်းပရာ   ယခင်နှစ်များတွင် သာမန်အရုပ်များသာ သွင်းခဲ့ကြသော်လည်း ယခုနှစ်တွင် ပွင့်လင်းလာသော မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် ယခုကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်းအရုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အရုပ်တို့ ထည့်သွင်းခွင့်ရသည့် အပေါ်တွင် များစွာ ဂုဏ်ယူမိကြောင်း ပုဂံဒေသခံများက ဆိုသည်။
 
မြန်မာနိုင်၏ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အရုပ်ကို မြင်းကပါရွာရှမ်းကျောင်းဘုန်းကြီးကျောင်းဆရာတော် ဦးနိဂြောဒမှ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
 '' ဒီအရုပ်ကို NLDရဲ့ အကူအညီမပါ ပါဘူး။ ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဓါတ်ကိုသဘောကြလို့ ဒီအရုပ်ကို လုပ်တာပါ" ဟု ရှမ်းကျောင်းဆရာတော်ဦ်းနိဂြောဒကပြောသည်။
 
 ယခုလို ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်အရုပ်များကို ထည့်သွင်းသောကြောင့်ကမ္ဘာလှည့် ခရီးသွားများမှာ အထူးသဘောကျနှစ်ခြိုက်လျှက်ရှိကြောင်း ဒေသခံများကဆိုသည်။
           
" ဒီအရုပ်တွေ ပါမယ်ဆိုတာ လုံဝ ထင်မထားဘူး။နိုင်ငံခြားသားတွေ တအားသဘောကျ ကြတယ်ဟု ပုဂံမြို့ပွင့်လင်းလူ့အဖွဲအစည်းမှ ကိုမင်းနိုင်အောင်က ပြောသည်။
 
 မြင်းကပါရွာ မနုဟာဘုရားပွဲတွင်နှစ်စဉ်နှစ်တိုင်း အရုပ်သွင်းပွဲများကျင်းပသောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိကြောင်းသိရှိရသည်။
 
 ဘုန်းကြီးကျောင်း(၁၄)ကျောင်း၊ ရပ်ကွက်(၆)ခုရှိသည့် မြင်းကပါရွာအရုပ်သွင်းပွဲတွင် ကိုကြီးကျော်၊ တိုးနယား၊ ခွပ်ဒေါင်း၊မင်းညီနောင်၊ အနော်ရထာစသည့်အရုပ်များမှာ နှစ်စဉ်လိုလိုထည့်သွင်းလေ့ရှိပြီး  ယခုနှစ်မှ ထည့်သွင်းလာသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်   ဒေါ်အောင်ဆန်းစုကြည်အရုပ်များအပါအ၀င် အရုပ်စုစုပေါင်း(၃၀) ထည့်သွင်းကျင်းပခဲ့ ခြင်းဖြစ်သည်။
ငြိမ်းချမ်း(မြစ်မခ)

No comments:

Post a Comment