Friday, October 26, 2012

ခရီးသွားလုပ်ငန်းဆိုင်ရာ ၀က်ဘ်ပေါ်တယ်လွှင့်တင်


မြန်မာခရီးသွားလုပ်ငန်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုစည်းလွှင့်တင်ထားသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ၀က်ဘ်ပေါ်တယ် www.oway.com.mm ကို စတင်လွှင့်တင်လိုက်ကြောင်း သိရသည်။ အဆိုပါ ၀က်ဘ်ပေါ်တယ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုနှင့် ၀က်ဘ်ဆိုက်မှ ဈေးဝယ်ယူနိုင်မည့် ၀န်ဆောင်မှုတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းပြည်ပ ဟိုတယ်နှင့် လုပ်ငန်းပေါင်း နှစ်ထောင်ကျော်နဲ့ ချိတ်ဆက်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ဟိုတယ်တွေကို ဒီဝက်ဘ်ပေါ်တယ်ကနေ အခန်းမှာနိုင်မှာ ဖြစ်ပါတယ်။ ပြင်ပဈေးနှုန်းနဲ့လည်း ကွာဟမှုမရှိပါဘူး” ဟု Oway ကုမ္ပဏီ၏ Founder & CEO ဦးနေအောင်ကပြောသည်။ ခရီးသွားအေးဂျင့်များမှ ဈေးနှုန်းကြီးမြင့်စွာ ၀န်ဆောင်ပေးမှုကို ကာကွယ်နိုင်မည်ဖြစ်သည်ဟုဆိုသည်။ အဆိုပါဝက်ဘ်ပေါ်တယ်ရှိ ဟိုတယ်အခန်းများအား နိုင်ငံတကာအသုံးပြု အကြွေးဝယ်ကတ်၊ Pay pal တို့ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်း အသုံးပြုလိုသူများအနေဖြင့် oway.com.mm မှပြုလုပ်သော Oway ကြိုတင်ငွေပေးကတ်များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ “Oway ကတ်တွေကို လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေပြီဖြစ်ပါတယ်။ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အွန်လိုင်းငွေပေးချေမှုစနစ်အတွက် ဆောင်ရွက်နေပါတယ်” ဟု ဦးနေအောင်က ဆက်လက်ပြောကြားသည်။ Oway ကတ်များအား စူပါမားကတ်များနှင့် အင်တာနက်ဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ Oway ၀က်ဘ်ပေါ်တယ်တွင် လွှင့်တင်ထားသော ကုန်ပစ္စည်းများကိုလည်း ၎င်း Oway ကြိုတင်ငွေပေးချေမှုကတ်ဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment