Wednesday, October 24, 2012

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေလိုက်ပေးလိုသည့်အမှုမှ ပါတီဝင်(၁၁)ဦးအား ဇမ္မူသီရိတရားရုံးမှ ပြစ်ဒဏ်ချမှတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုညီညီအပါအ၀င်ပါတီဝင် (၁၁)ဦးအား ဇမ္မူသီရိမြို့နယ်တရားရုံးမှ အောက်တိုဘာ (၂၃)ရက်နေ့၌ ထောင် ဒဏ်(၇)ရက် (သို့မဟုတ်) ငွေဒဏ်(၅)ထောင် ကျခံစေရန် သတ်မှတ်ခဲ့ ကြောင်း ဒီချုပ်အဖွဲ့ဝင်များထံက သိရှိရသည်။      

ဇဗ္မူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာတွင် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်မှုနှင့်ပတ်သတ်၍ ၄င်းပါတီဝင် ကိုညီညီ အပါအ၀င် (၁၁)ယောက်အား တဲကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ် မ(၂၇)ဖြင့် ၂၀၁၂ခုနှစ် ဇွန်လ(၁)ရက်နေ့မှစ၍ ဇဗ္မူသီရိမြို့နယ်တရားရုံး၌ တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။
 
 “ဒီနေ့တော့ အပြီးသတ် အမိန့်ချတာပေါ့။ (၁၉)ကြိမ်ရှိပြီ ရုံးချိန်းခေါ်တာ ကျွန်တော်တို့ (၁၁)ယောက်အဖွဲ့ထဲမှာ တောင်သူ လုပ်တဲ့သူတွေ အသက်(၇၀)ကျော်အရွယ်တွေပါတော့ သူတို့မှာ ခဏခဏရုံးချိန်းခေါ်ခံနေရတော့ အလုပ်တွေလည်းပျက်၊ ဒုက္ခတွေလည်း ရောက်ကြတယ်” ဟု ကိုညီညီက ပြောသည်။    
 
 
အဆိုပါကိစ္စနှင့်ပါတ်သတ်၍ NLDပါတီအနေဖြင့် နေပြည်တော်ရှိ ရှေ့နေကွန်ယက်များအသင်းမှ ရှေ့နေဦးခင်မောင် ဇော်အား အမှုကိစ္စ အတွက် ငှားပေးထားကြောင်း၊ ယခုကဲ့သို့ နေပြည်တော်တွင်း တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ မျှမျှတတဖြစ်စေရန်အတွက် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLDပါတီရှိ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။ 

“ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သက်သေလိုက်ပေးမယ်ဆိုလို့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက တားထားရတယ်။ အခုဆို နေပြည်တော်လိုနေရာမျိုးမှာ တရားမဲ့ပြုကျင့်မှု တွေများလာ တာကို တွေ့ရ တယ်။ ဒါတွေနဲ့ပတ်သက်ပြီး မျှတစေဖို့ လုပ်ဆောင်သွားမယ် ” ဟု NLD ပါတီ ၊ဇဗ္မူ သီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။   

ထို့ပြင် ယခုအမိန့်ချလိုက်သည့်အမှုနှင့်ပတ်သက်၍လည်း မြို့နယ်၊ ခရိုင်၊တိုင်း အထိ အဆင့်ဆင့် အယူခံဝင် သွားရန် အစီအစဉ်ကြောင်းလည်း NLD ပါတီမှ သိရှိရသည်။ 

“ ကျွန်တော်အနေနဲ့ ဥပဒေကိုမလေးစားလို့မဟုတ်ပါဘူး။ မလိုသြဇာသုံးပြီးအမှုဖွင့်တဲ့အတွက် အခုဆက်ပြီးတော့  မြို့နယ်၊ခရိုင်၊ တိုင်းအဆင့်ဆင့်ကို အကျိုးဆောင်ရှေ့နေတွေနဲ့တိုင်ပင်ပြီး အယူခံဆက်ဝင်သွားမှာပါ” ဟု ကိုညီညီက ဆိုသည်။
ယမင်း(မြစ်မခ) 

No comments:

Post a Comment