Thursday, October 4, 2012

အာကာသယာဉ် အပျက်အစီးများနှင့် ၀င်တိုက်မှု ရှောင်ရှားရန် နိုင်ငံတကာ အာကာသစခန်းကို ရွှေ့ပြောင်းမည်


အာကာသအတွင်း လွင့်စင်နေသည့် အာကာသယာဉ် အပျက်အစီး အပိုင်းအစများနှင့် ၀င်တိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် နိုင်ငံတကာ အာကာသစခန်း (ISS)ကို အခြားဂြိုဟ်ပတ်လမ်း တစ်ခုအတွင်းသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ရုရှားအာကာသ ထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းမည့် အစီအစဉ်ကို အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီ ၂၂ မိနစ်တွင် အဆင့်မြှင့်ဒုံးပျံများကို အသုံးပြု၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာကာသထိန်းချုပ်ရေးစခန်းမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး နာယက်ဒါဇက်ယာလိုဗာက ပြောကြားခဲ့သည်။ အရွယ်ပမာဏအားဖြင့် ၁၀ စင်တီမီတာထက်ကြီးသော အာကာသယာဉ် အပျက်အစီး အပိုင်းအစ ၂၁၀၀၀ ကျော်သည် ကမ္ဘာပတ်လမ်းကြောင်းတွင် လွင့်စင်လျက်ရှိကြောင်း နာဆာအာကာသအေဂျင်စီက ခန့်မှန်းပြောကြားခဲ့ပြီး အဆိုပါ အပိုင်းအစများသည် နိုင်ငံတကာ အာကာသစခန်းအတွက် ကြီးများသော ပြဿနာများ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရသည်။ အဆိုပါ အာကာသစခန်းတွင် ရုရှားနိုင်ငံမှ အာကာသယာဉ်မှူး သုံးဦး၊ အမေရီကန်မှ နှစ်ဦးနှင့် ဂျပန်နိုင်ငံမှ အာကာသယာဉ်မှူး တစ်ဦးတို့သည် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
khitlunge

No comments:

Post a Comment