Friday, October 12, 2012

ဟေဆယ်လ် ဖြစ်ရပ်ကို သတိ ရမိသည့်နောက် လီဗာပူးလ်ထံ မပြောင်းရန် ဆုံးဖြတ်ခဲ့ဟု ဒယ်လ်ပီယာရို ဖွင့်ဟ

ဟေဆယ်လ်ကွင်း ဖြစ်ရပ်ဆိုးကြောင့် လီဗာပူးလ်ထံ မလာဖြစ်တော့သည့် ဒယ်လ်ပီယာရို

ဟေဆယ်လ်ကွင်း ဖြစ်ရပ်ဆိုးက လီဗာပူးလ်ထံ ပြောင်းရွှေ့ရန် ဆန္ဒ အားလုံးကို ချုပ်ငြိမ်း သွားစေကြောင်း အလက်ဇန္ဒရို ဒယ်လ်ပီယာရိုက ဖွင့်ဟခဲ့သည်။
အသက် (၃၈)နှစ်ရှိ ဝါရင့် အီတလီ တိုက်စစ်မှူးကြီးသည် ဂျူဗင်းတပ်စ်မှ ထွက်ခွာပြီးနောက် လီဗာပူးလ်၏ စိတ်ဝင်တစား ချဉ်းကပ်မှုကို ခံခဲ့ရသေးသော်လည်း ငြင်းဆန်ကာ ဩစတြေးလျ ကလပ်အသင်း ဆစ်ဒနီနှင့်သာ စာချုပ်ခဲ့သည်။ ဂျူဗင်းတပ်စ်၏ အထင်ကရ ဂန္ထဝင်တစ်ဦး ဖြစ်ခဲ့ဖူးသော ဒယ်လ်ပီယာရိုက လီဗာပူးလ် ပရိသတ် အချို့ကြောင့် ဂျူဗင်းတပ်စ် ပရိသတ် (၃၉)ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို (၂၇)နှစ် ကြာမြင့်လာသည့်တိုင် မမေ့သေးဟု ဆိုသည်။ ဟေဆယ်လ် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဂျူဗင်းတပ်စ်နှင့် လီဗာပူးလ် အသင်းများသည် မေ့ဖျောက်ပစ်နိုင်အောင် အတူပူးပေါင်း ကြိုးစားခဲ့သော်လည်း မိမိအနေဖြင့်မူ လီဗာပူးလ်တွင် ကစားလိုစိတ် မရှိတော့ဟု ဒယ်လ်ပီယာရိုက ပြောကြားသွားသည်။
ဥရောပ ဖလား ဗိုလ်လုပွဲ အဖြစ် ဘယ်လ်ဂျီယံတွင် ကစားသည့် အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ် ပရိသတ်များ ဆူပူရာမှ နံရံပြိုကျပြီး လူအများ သေကြေခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် UEFAသည် အင်္ဂလန် ကလပ်များကို ဥရောပပွဲများ ကစားခွင့် (၅)နှစ် ပိတ်ပင်ကာ လီဗာပူးလ်ကို အပိုဆောင်း (၁)နှစ် ပိတ်ပင် ပြစ်ဒဏ်ပေးခဲ့သည်။ ဒယ်လ်ပီယာရိုက "ကျွန်တော် လီဗာပူးလ်ကို ဘာကြောင့် မသွားလဲဆိုတော့ အဲဒီအချိန်မှာ ဆစ်ဒနီနဲ့ ဆွေးနွေးမှုတွေက တိုးတက်နေပါပြီ။ နောက်တစ်ချက်က ဟေဆယ်လ် ကိစ္စကို တွေးမိသွားတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားမိတော့ ကျွန်တော့် ဆုံးဖြတ်ချက်က ပြတ်သားသွားတယ်"ဟု ဆိုသည်။
၎င်းက "ဂျူဗင်းတပ်စ်နဲ့ လီဗာပူးလ်တို့ဟာ အသင်းရဲ့ ဆက်ဆံရေးတွေကို ပြန်တည်ဆောက်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ လူတွေ အများကြီး သေဆုံးခဲ့တဲ့ ကြေကွဲစရာ ကိစ္စတွေကို မှတ်ဉာဏ်ထဲက ဖျောက်ဖို့ ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို လိုချင်တဲ့ အသင်းအားလုံးကို ကျေးဇူးတင်နေမှာပါ။ ကျွန်တော့် ရွေးချယ်မှုအတွက် ကျွန်တော့်ဖာသာ ကျေနပ်ပါတယ်"ဟုလည်း ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment