Saturday, October 6, 2012

ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်


ယခုရက်ပိုင်းများအတွင်း ပုဂ္ဂလိက ဘဏ်လောကနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်မှ ပြောကြားခဲ့သည်။
ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန်အလို့ငှာ မလိုလားသူများက ထုတ်လွှင့်သော သတင်းများသာဖြစ်ကြောင်း၊ မှန်ကန်မှုမရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဘဏ်များသည် နိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများနှင့်အညီ လုပ်ငန်းများကို ခိုင်မာစွာ လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်းနှင့် ပုဂ္ဂလိကဘဏ်များအားလုံး အား ယုံကြည်စွာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ သတင်းအချို့ထွက်ပေါ်ခဲ့ပြီး ငွေအပ်နှံသူများက ယုံကြည်မှုမရှိသည့်အတွက် အပ်နှံငွေများ ပြန်လည်ထုတ်ယူမှုဖြစ်ပေါ်နေကြောင်း သိရသည်။ သို့သော် အဆိုပါ သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးကလည်း Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပြီး ယခုအခါ ဗဟိုဘဏ်မှ ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။
EMG

No comments:

Post a Comment