Friday, October 12, 2012

အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်လာသည့် ရွန်နီ

အင်္ဂလန် အသင်းခေါင်းဆောင်ဖြစ်သွားသည့် ရွန်နီ

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရာထူးအတွက် ဝိန်းရွန်နီအား မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က အတည်ပြု ခန့်အပ်လိုက်ကြောင်း သိရသည်။
အသက်(၂၆)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသည် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် ပွဲပယ်ခံရပြီး ဒုတိယ အသင်းခေါင်းဆောင် ဖရန့်ခ်လမ်းပတ် ဒဏ်ရာရနေသည့် အနေအထားတွင် အင်္ဂလန်အတွက် ဦးဆောင်မှု ပေးသွားမည် ဖြစ်သည်။ ၎င်းသည် ဆန်မာရီနိုနှင့် သောကြာနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ ဝင်ဘလေကွင်း၊ ပရိသတ်များ ရှေ့မှောက်တွင် အင်္ဂလန် အသင်းခေါင်းဆောင် လက်ပတ်ကို ဂုဏ်ယူစွာ ဆင်မြန်းသွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
အစောပိုင်းက အင်္ဂလန် ဂိုးသမား ဂျိုးဟတ်က ရွန်နီသည် လက်ရွေးစင် အသင်းခေါင်းဆောင် ရာထူးနှင့် ထိုက်တန်ကြောင်း ပြောဆိုခဲ့သေးသည်။ မကြာသေးမီကမှ ဇနီးဖြစ်သူ ကောလင်းရွန်နီနှင့် ဒုတိယမြောက် ရင်သွေးလေး ရရှိတော့မည့် သတင်းကို လူသိရှင်ကြား ကြေညာထားသည့် ရွန်နီက "ကျွန်တော် လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ခွင့်ရတဲ့ အတွက် သိပ်ဂုဏ်ယူပါတယ်။ ဒါဟာ ကျွန်တော့်ကိုယ် ကျွန်တော် ဦးတည် ရည်ရွယ်တဲ့ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ အသင်းကို အောင်ပွဲတွေဆီ ဦးဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ရွန်နီသည် အင်္ဂလန် အသင်းကို (၂၀၀၉)ခုနှစ်က ဘရာဇီးလ်နှင့် ဒိုဟာတွင် ကစားသော ခြေစမ်းပွဲ၌ အသင်းခေါင်းဆောင်အဖြစ် တာဝန် ယူဖူးသည်။ ဟော့ဂ်ဆန်က "ရွန်နီနဲ့ တွဲပြီး အလုပ်လုပ်ရတာ ကျေနပ်စရာပါ။ သူဟာ ပြဿနာတချို့ ရှိခဲ့ပေမယ့် ဒါတွေကို ချန်ထား ခဲ့နိုင်ပါပြီ။ ဆန်မာရီနိုနဲ့ ပွဲမှာ သူဟာ သေချာပေါက် အသင်းခေါင်းဆောင် အဖြစ် ပါဝင်ရမှာပါ" ဟု အတည်ပြု ပြောဆိုသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment