Friday, November 30, 2012

ကမ္ဘာ့အကောင်းဆုံး နည်းပြဆု ဆန်ခါတင် စာရင်းကိုလည်း စပိန်ဘောလုံး ရပ်ဝန်းပင် ချုပ်ကိုင်ထား


ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြ ဆုအတွက် FIFA၏ ဆန်ခါတင် စာရင်းတွင်လည်း စပိန်ဘောလုံး ရပ်ဝန်းကပင် ကြီးစိုး လွှမ်းမိုး ထားကြောင်း သိရသည်။
ဘာစီလိုနာ နည်းပြဟောင်း ဂျိုးဆက် ဂွာဒီယိုလာ၊ ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုနှင့် စပိန် လက်ရွေးစင် အသင်း၏ နည်းပြဖြစ်သူ ဗင်းဆင့် ဒဲလ်ဘော့စကေးတို့သည် ယင်းဆုအတွက် အပြိုင်အဆိုင် မျှော်လင့်ခွင့် ရှိနေပြီ ဖြစ်သည်။ ဒဲလ်ဘော့စကေးမှာ လက်ရွေးစင် အသင်းများ အားလုံးတွင် ပထမဆုံး အကြိမ်အဖြစ် အဓိက ပြိုင်ပွဲကြီးများတွင် (၃)ကြိမ်ဆက် ဗိုလ်စွဲသော စပိန်အသင်းအား ဥရောပ ဖလားတွင် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သည့် နည်းဗျူဟာမှူးကြီး ဖြစ်သည်။
ဂွာဒီယိုလာမှာ ဘာစီလိုနာကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းတစ်ခု ဖြစ်လာအောင် ပုံသွင်း ထူထောင်ပေးခဲ့ပြီး နွေရာသီကမူ အသင်းကို ကျောခိုင်းသွားသည်။ ၎င်းသည် အသင်းကို ကမ္ဘာ့ကလပ် အသင်းများ ချန်ပီယံဆုနှင့် စပိန် ကိုပါဒယ်လ်ရေး ဆုဖလားများ ရယူပေးခဲ့သည်။ မော်ရင်ဟိုကမူ ဘာစီလိုနာအသင်း (၃)နှစ်ဆက်တိုက် လွှမ်းမိုး ရယူထားသည့် စပိန်လာလီဂါ ချန်ပီယံဆုကို ရီးယဲလ်အသင်း ပြန်လည်ဆွတ်ခူး ရယူနိုင်အောင် လမ်းကြောင်းမှန်ကန် တည့်မတ်စွာ ကိုင်တွယ်ပေးခဲ့သည်။
မော်ရင်ဟိုသည် အဆိုပါဆုကို (၂၀၁၀)ပြည့်နှစ်က အင်တာမီလန်နှင့်အတူ တစ်ရာသီ အတွင်း ဖလား(၃)လုံး ဆွတ်ခူးရာ၌ ရရှိခဲ့ဖူးသည်။ ဂွာဒီယိုလာကမူ နောက်တစ်နှစ်တွင် ယင်းဆုကို ထပ်မံ ရရှိခဲ့သည်။ ယခုနှစ် ဆန်ခါတင် နည်းပြ စာရင်းတွင် ချယ်လ်ဆီးကို ကလပ် သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလား ရရှိစေခဲ့သူ ရောဘတ်တို ဒီမက်တီယို ချန်လှပ်ခံခဲ့ရသည်။ (၂၀၁၂)ခုနှစ်၏ အကောင်းဆုံး ဘောလုံး နည်းပြဆုကို ဇန်နဝါရီလ (၇)ရက်နေ့တွင် ဇူးရစ်ခ်ျမြို့၌ ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်သည်။
Ref: Goal
soccer myanmar

No comments:

Post a Comment