Thursday, November 1, 2012

ချယ်လ်ဆီးကို ရှုံးသည့်ပွဲတွင် နာနီ၏ အမှားကို ဖာဂူဆန် ဝေဖန်

အောင်ပွဲခံနေသည့် ချယ်လ်ဆီး အသင်းသားများ

ကက်ပီတယ်လ်ဝမ်း ဖလား ပွဲစဉ်တွင် ချယ်လ်ဆီးအား အရေး နိမ့်ခဲ့သည့် ပွဲစဉ်၌ တောင်ပံလူ လူးဝစ်နာနီ၏ ကစားပုံ အမှားကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝေဖန်ခဲ့သည်။
အချိန်ပိုတွင် မန်ယူအသင်း (၅-၄)ဖြင့် အရေးနိမ့်ခဲ့သော ပွဲစဉ်အတွင်း နာနီသည် တစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ၎င်းထံမှ လက်လွတ်သွားသည့် ဘောလုံးကြောင့် မိနစ်(၉၀)တွင် မန်ယူအသင်း ပင်နယ်တီ ပေးခဲ့ရသည်။ ထိုအချိန်က မန်ယူသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် (၃-၂)ဖြင့် ဦးဆောင်နေရာ ယင်းပင်နယ်တီကြောင့် အီဒင်ဟာဇက်က ချေပဂိုး သွင်းယူကာ အချိန်ပို ဆက်ကစားခဲ့ရသည်။ ဖာဂူဆန်သည် ယခု ရာသီတွင် နာနီကို အရန် အဖြစ်သာ အသုံးပြုပြီး ကက်ပီတယ်လ်ဝမ်းတွင် ပွဲထွက်ခွင့် ပေးခဲ့သော်လည်း ယခု အမှားကြောင့် စိတ်ပျက်ကြောင်း ဆိုသည်။
ထိုပွဲတွင် နှစ်သင်းလုံးသည် ပထမ အသင်းသား အချို့နှင့် လူငယ် ကစားသမားများ၊ အရန်များကို အဓိကထား အသုံးပြု သွားခဲ့သည်။ ဖာဂူဆန်က "ကိုယ်က ပွဲကို အပြည့်အဝ ထိန်းချုပ် ဦးဆောင်နေတဲ့ အချိန်မှာ တတိယဂိုးကို အလဟဿ ပေးလိုက်ရတာပါ။ ဘောလုံးကို ပိုင်ဆိုင်မှု ယူထားနိုင်ရမယ့် အချိန်မှာ နာနီက ပြိုင်ဘက် တစ်ယောက်ကို ကျော်ဖို့ ကြိုးစားတယ်။ ပြီးတော့ ဘောလုံး ဆုံးရှုံးသွားတယ်။ အဲဒီနောက်မှာတော့ ပင်နယ်တီ ပေးလိုက်ရတယ်။ ကျွန်တော်ကတော့ ဒီဖြစ်ရပ်မှာ ပင်နယ်တီ ဖြစ်သင့် မဖြစ်သင့် သေချာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အမှား တစ်ခုက အချိန်ပို ကစားစေဖို့ ဖြစ်သွားပြီး အဲဒီ အနေအထားက အသင်းရဲ့ လူငယ်တွေ အတွက် မတန်တဆ ဖိအား များသွားစေတယ်" ဟု ထောက်ပြခဲ့သည်။
၎င်းက "နာနီဟာ အတွေ့အကြုံရင့် ကစားသမား တစ်ယောက်ဖြစ်သလို တစ်ဦးချင်း စွမ်းရည် ပြည့်ဝသူပါ။ ပြီးတော့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ရတာမျိုး လုပ်ပြတတ်တဲ့ ကစားသမားပါ။ ဒါပေမဲ့ အဲဒီအချိန်က အနေအထားမှာ သူသာ ဘောလုံးကို ထောင့်ကန်ဘော တိုင်နားမှာ ထိန်းထားရင် ပွဲက ပြီးသွားလောက်ပါပြီ"ဟုလည်း ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment