Saturday, November 10, 2012

ဗန်ပါစီကို စော်ကားသည့် ကလေးငယ်၏ ဗီဒီယို အတွက် ဖခင်ဖြစ်သူ ကာကွယ်

ဗန်ပါစီအား တိုက်ခိုက်ဆဲဆိုခဲ့သည့် ကလေးငယ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား ညစ်ညမ်းစွာ တိုင်းထွာ ပြောဆိုနေသည့် မိမိ၏ (၃)နှစ်သား ကလေးငယ်ကို ဗီဒီယို ရိုက်ပြီး အင်တာနက်တွင် လွှင့်တင်ခဲ့သည့် အာဆင်နယ် ပရိသတ်က မိမိ လုပ်ရပ်အား ကာကွယ် ပြောဆိုခဲ့သည်။
မန်ယူက အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်တွင် အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ်တွင် အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ဗန်ပါစီသည် အာဆင်နယ်ဘက်သို့ ကိုယ်တိုင် ဂိုးသွင်းယူခဲ့သည်။ မန်ယူအတွက် ဂိုးသွင်းခဲ့သော ဗန်ပါစီသည် ပရော်ဖက်ရှင်နယ် ပီသစွာ အသင်းဟောင်းကို အစွမ်းကုန် ထိုးဖောက် ခဲ့သော်လည်း ယင်းဂိုးအတွက် အောင်ပွဲ မခံခဲ့ချေ။ သို့သော်လည်း ဆက်ဖ်ကီ ဆူလီမန်ဟု ခေါ်သော အာဆင်နယ် ပရိသတ်ကမူ ထိုပွဲ အပြီးတွင် ဗန်ပါစီကို စော်ကားသော စကားလုံးများ ရိုင်းစိုင်းစွာ ပြောဆိုနေသည့် သားဖြစ်သူကို ဗီဒီယိုရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။
ထိုဖြစ်ရပ်သည် ဝေဖန်စရာ အခြေအနေများထံ ဦးတည်ခဲ့ပြီး ဆူလီမန်၏ လုပ်ဆောင်ချက်ကို ပြစ်တင်မှုများ ပေါ်ပေါက်လာသည်။ ဆူလီမန်၏ သားငယ်သည် နယ်သာလန် လက်ရွေးစင် ဗန်ပါစီ (၂၀၀၅)ခုနှစ်က မုဒိမ်းမှု စွပ်စွဲချက်ဖြင့် (နောက်ပိုင်းတွင် လီဆယ်ဖန်တီးသော စွဲချက်အမှားဟု ဖော်ထုတ်နိုင်ခဲ့သည်) အဖမ်းခံရသော ကိစ္စကိုပါ လှောင်ပြောင်နေခြင်း ဖြစ်သည်။ ဆူလီမန်က (၃၈)စက္ကန့်ကြာ ဗီဒီယိုနှင့် ပတ်သက်ပြီး ၎င်း၏ လုပ်ဆောင်ချက်တွင် အမှားရှိသည့်တိုင် ကလေးကို တမင်တကာ ရိုင်းစိုင်းစေခြင်း မဟုတ်ဟု ကာကွယ်သွားသည်။
ဗီဒီယိုထဲတွင် ကလေးငယ်သည် အာဆင်နယ် အင်္ကျီကို ဝတ်ဆင်ကာ ဗန်ပါစီအား C***ကဲ့သို့သော အသုံးအနှုန်းများဖြင့် တိုက်ခိုက်ဆဲရေးနေခဲ့သည်။ ဆူလီမန်က "ကျွန်တော် ဒီဗီဒီယိုကို ရိုက်လိုက်မိတာ စိတ်မကောင်းပါဘူး။ ကျွန်တော်က ဖခင်ဆိုးတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော့် သားကို ကျွန်တော် ချစ်သလို အာဆင်နယ်ကိုလည်း ချစ်ပါတယ်"ဟု The Sunသို့ ပြောကြားခဲ့သည်။ ၎င်းက "ဗန်ပါစီကို ပြိုင်ဘက် အဖြစ် မြင်ရတော့ ကျွန်တော် စိတ်အရမ်း တုန်လှုပ်မိပါတယ်။ ကျွန်တော့်သားလေး C***ဆိုတဲ့ စကားလုံးနဲ့ သီချင်းလုပ်ဆိုနေတာမျိုးကို တားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်မိဘမှ ကိုယ့်(၃)နှစ်သားလေး ဆဲရေးတတ်မယ်လို့ ထင်တာ မဟုတ်ပါဘူး။ အားလုံးပါပဲ။ ကျွန်တော် ပြောချင်တာက ကမ္ဘာပေါ်မှာ လူပေါင်းများစွာ အနိုင်ကျင့်ခံနေရ၊ မုဒိမ်း ကျင့်ခံနေရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့် ကိစ္စကိုချည်း ဘာဖြစ်လို့ ဇာချဲ့နေကြသလဲ နားမလည်တော့ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
Ref: Daily Mail
soccer weekly

No comments:

Post a Comment