Tuesday, November 27, 2012

ရှနိုက်ဒါ၏ စာချုပ်ကိစ္စ ညှိနှိုင်းမှု ပြေလည် စေလိုကြောင်း အင်တာနည်းပြ ဖွင့်ဟ


အင်တာမီလန် အသင်း၏ နည်းပြဖြစ်သူ အန်ဒရီရာ စထရာမက်ကွိုင်နီက ဝက်စ်လေ ရှနိုက်ဒါအား အသင်းတွင် စာချုပ်ကိစ္စ အဆင်ပြေပြေ ညှိနှိုင်းစေလိုကြောင်း ပြောဆိုခဲ့သည်။
လတ်တလောတွင် နယ်သာလန် လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်သည် အသင်း၏ ဒါရိုက်တာဖြစ်သူ မာကို ဘရန်ကာနှင့် ပြဿနာများ ရှိနေခဲ့သည်။ ၎င်းသည် ကြံခိုင်မှုပိုင်း အားနည်းနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပါးမားနှင့် ကစားမည့် အီတလီ စီးရီးအေ ပွဲစဉ်တွင် ချန်လှပ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ယင်းဖြစ်ရပ်တွင် အဓိက ပြဿနာမှာ ရှနိုက်ဒါသည် အင်တာအသင်းက ကမ်းလှမ်းသည့် စာချုပ်သစ်ကို လက်ခံရန် ငြင်းဆန်ထားခြင်းကြောင့်ဟု သတင်းများက ရေးသားဖော်ပြလျှက်ရှိသည်။
ဘရန်ကာသည် ရှနိုက်ဒါအား ရာဇသံ ပေးပို့ထားပြီး စာချုပ်သစ်ကိစ္စ လက်မခံမချင်း အသင်းလူစာရင်းတွင် ပါဝင်ခွင့် ရမည်မဟုတ်ဟု ပြောဆိုထားသည်။ စထရာမက်ကွိုင်နီကမူ အသင်းတွင် ပြဿနာများ ကြီးမားနေကြောင်း ငြင်းဆိုပြီး မိမိတို့သည် စာချုပ်ကိစ္စကို ညှိနှိုင်းဆဲသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ "ကျွန်တော်ကတော့ ခုအခြေအနေကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ရှနိုက်ဒါရော၊ အသင်းဥက္ကဋ္ဌနဲ့ပါ နေ့တိုင်း စကားပြောဖြစ်တယ်။ အခြေအနေတိုင်းကို ကျွန်တော် သိပါတယ်။ ရှနိုက်ဒါကို လူတစ်ယောက် အနေနဲ့ရော၊ ကစားသမား တစ်ယောက် အဖြစ်ပါ ကျွန်တော် လေးစားမိပါတယ်။ ဒါပေမဲ့ ကလပ်အသင်း ကောင်းကျိုးအတွက် ကျွန်တော် သူ့ကို မရွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်"ဟု နည်းပြက ပြောကြားသွားခဲ့သည်။ 
soccer myanmar

No comments:

Post a Comment