Saturday, November 10, 2012

ဆဲလ်တစ်သည် အရပ်အမောင်း အားသာချက်ကြောင့် အနိုင် ရခဲ့ကြောင်း မက်ဆီ သုံးသပ်


ဆဲလ်တစ် အသင်းက ဘာစီလိုနာကို အနိုင် ရသွားခြင်းသည် အရပ်အမောင်း အားသာချက်ကြောင့်ဟု လီယွန်နယ်လ် မက်ဆီက ပြောကြားခဲ့သည်။
ဆဲလ်တစ်သည် ဥရောပ ထိပ်တန်း ကလပ်ကြီးကို ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် (၂-၁)ဖြင့် အနိုင်ရခဲ့သည်။ စကော့တလန် ချန်ပီယံ အသင်းက (၂)ဂိုးအသာဖြင့် ဦးဆောင်ပြီး ပွဲပြီးခါနီးမှ မက်ဆီက ချေပဂိုး တစ်ဂိုး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗစ်တာဝမ်ညာမာနှင့် တိုနီဝက်တ်တို့ နှစ်ဦး၏ သွင်းဂိုးများက ဆဲလ်တစ်အား ချန်ပီယံလိဂ် အုပ်စုအဆင့်မှ လွတ်မြောက်ရေး မျှော်လင့်ချက်ကို သက်ဝင်လာစေသည်။ အာဂျင်တီးနား ရှေ့တန်းလူ မက်ဆီကမူ ဆဲလ်တစ်၏ နိုင်ပွဲသည် ကံကောင်းလွန်းပြီး ကာယပိုင်း အားသာမှုကြောင့်ဟု သုံးသပ်ခဲ့သည်။
"သူတို့ အရမ်းကံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးခဲ့တာ ရှက်စရာပါ။ ဒါပေမဲ့ ဘာမှတော့ လုပ်လို့ မရဘူး။ ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံး စွမ်းနိုင်သလောက် ကစားခဲ့တယ်။ ခက်တာက သူတို့ကို ကျော်လို့ မရပါဘူး။ ဆဲလ်တစ်က နှစ်ဂိုး အသာရသွားချိန်မှာ ခံစစ်ကို လုံးဝ ပိတ်ကစားခဲ့တယ်။ ပထမဂိုးက ထောင့်ကန်ဘောက ကျလာတာပါ။ သူတို့က ကျွန်တော်တို့ အသင်းထက် အရပ်မြင့်တယ်လေ။ နူးကမ့်မှာလည်း သူတို့ ဒီလိုပဲ ဂိုးသွင်းဖူးတယ်။ ဒုတိယဂိုးကတော့ ကျွန်တော်တို့ရဲ့ အမှားပါ။ ကျွန်တော်တို့ အကောင်းဆုံး ကစားခဲ့ပေမယ့် ဂိုးမရတာကတော့ စိတ်ပျက်စရာပါပဲ" ဟု မက်ဆီက ပြောဆိုသွားသည်။
၎င်းက ချန်ပီယံလိဂ် အုပ်စုအဆင့်မှ လွတ်မြောက်ရေးအတွက်မူ စိတ်မပူဟု ဆိုသည်။ "ကျွန်တော်တို့က အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရှိနေတုန်းပါ။ အေးအေးဆေးဆေးပါပဲ။ ကျွန်တော် သွင်းခဲ့တဲ့ ဂိုးက တစ်ခုခုတော့ အဓိပ္ပါယ် အကြီးကြီး ဖြစ်မသွားခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် ဂိုးတွေ ပုံမှန် သွင်းနေနိုင်သေးတယ် ဆိုတာကိုတော့ ယုံကြည်မှု တိုးလာစေပါတယ်။ ကျွန်တော့်သားလေးအတွက်လည်း ဒီဂိုးကို ရည်စူးမိပါတယ်"ဟု မက်ဆီက ပြောကြား သွားခဲ့သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment