Saturday, November 24, 2012

ဘိုလီးဗီးယား၌ (၁၁)နှစ်အတွင်း ပထမဆုံးအကြိမ် လူဦးရေစာရင်းကောက် ၊ သန်းခေါင်စာရင်းကောက်ယူစဉ်ကာလအတွင်းအိမ်ပြင်မထွက်ရန်အမိန့်ထုတ်


ဘိုလီးဗီးယားနိုင်ငံ၌ (၁၁)နှစ်ကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေစာရင်း ကောက်ယူရေးအတွက် သတ်မှတ်ချိန်အတွင်း အိမ်ပြင်မထွက်ကြရန် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်းအမိန့်အရ ဘိုလီးဗီးယားနိုင်ငံသားအားလုံး ၄င်းတို့ နေအိမ်များသို့ပြန်၍ သန်းခေါင်စာရင်း ကောက်ခံသူများအား စောင့်ဆိုင်းကာ ၄င်းတို့မေးမြန်းမည့် မေးခွန်း ၅ဝ နီးပါးခန့်ကို ဖြေကြားရမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူမည့်နေ့တွင် ပုဂ္ဂလိကယာဉ်သွား ယာဉ်လာမှုများအား တားမြစ်ထားပြီး သန်းခေါင်စာရင်း ကောက်ယူသူများ၏ လုပ်ငန်းပြီးဆုံးချိန်အထိ ဘိုလီးဗီးယားနိုင်ငံ နယ်စပ်များကို ပိတ်ထားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း နေအိမ်၌မရှိသည့် နိုင်ငံသားများအနေဖြင့် ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်သည်။ ဘိုလီးဗီးယားသန်းခေါင်စာရင်း ကောက်ယူ သူများသည် နိုင်ငံ၏ ကျေးလက်ဒေသ သန်းခေါင်စာရင်း ကောက်ယူမှုကို သုံးရက်ခန့် အချိန်ယူ လုပ်ဆောင်မည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းများမှာ အစိုးရအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ပြည်သူများအတွက် အထူးသဖြင့် အနာဂတ် မျိုးဆက်များအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတ မိုရေးလက်စ်က ပြောကြားသည်။ ဘိုလီးဗီးယားနိုင်ငံ၏ လူဦးရေမှာ ၂ဝဝ၁ ခုနှစ်တွင် ၈ ဒသမ ၃ သန်းခန့် ရှိရာမှ ယခုအခါတွင် ၁၁ သန်းခန့်ထိ တိုးမြင့်လာပြီဖြစ်ကြောင်း ခန့်မှန်းရသည်။ 
khitlunge

No comments:

Post a Comment