Thursday, November 29, 2012

သဘာဝဓာတ်ငွေ့တင်သင်္ဘော အာတိတ်သမုဒ္ဒရာအတွင်း ပထမအကြိမ် ဖြတ်သန်းခုတ်မောင်း


သဘာဝဓာတ်ငွေ့အရည် တင်ဆောင်လာသော Ob River အမည်ရှိ သင်္ဘောတစ်စင်းသည် အာတိတ်သမုဒ္ဒရာကို ပထမဆုံးအကြိမ် စတင်ဖြတ်သန်းခဲ့သည့် သင်္ဘောတစ်စင်းဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ Ob River အမည်ရှိ သဘာဝဓာတ်ငွေ့အရည်တင် သင်္ဘောကို ၂ဝဝ၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့အရည် ၁၅ဝဝဝဝ ကုဗမီတာ တင်ဆောင်နိုင်သည်။ သဘာဝဓာတ်ငွေ့ အရည်များ တင်ဆောင်လာသည့် အဆိုပါသင်္ဘောသည် နော်ဝေနိုင်ငံ မြောက်ပိုင်း ဟမ်မာဖတ်စ်ဆိပ်ကမ်းမှ နိုဝင်ဘာ ၇ ရက်တွင် စတင်ထွက်ခွာလာခဲ့ပြီး ဘားရန့်စ်ပင်လယ်ကိုဖြတ်၍ ရုရှားနိုင်ငံ မြောက်ဘက်ပိုင်းမှ တစ်ဆင့် ဂျပန်နိုင်ငံသို့ ခုတ်မောင်းမည်ဖြစ်ကြောင်း သိရသည်။ ၄င်းသင်္ဘောသည် ဂျပန်နိုင်ငံသို့ ဒီဇင်ဘာလ အစောပိုင်းတွင် ဆိုက်ကပ်ရန် မျှော်မှန်းထားပြီး ပုံမှန်ခုတ်မောင်းရမည့် အချိန်ထက် ရက် ၂ဝ ခန့် စောရောက် လိမ့်မည်ဖြစ်သည်။ ၄င်းသင်္ဘောတွင် နိုင်ငံတကာမှ သင်္ဘောအမှုထမ်း ၄ဝ ဦးလိုက်ပါလာ၍ သင်္ဘောကို ဂရိနိုင်ငံ ဒိုင်နာဓာတ်ငွေ့ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ရုရှားနိုင်ငံမှ စွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဂက်ဇ်ပရွန်ကုမ္ပဏီက ငှားရမ်းခဲ့ကြောင်း သိရသည်။ ၄င်းခရီးစဉ် စတင်ရန်အတွက် တစ်နှစ်ကျော်ကြာ ပြင်ဆင် မှုများ ပြုလုပ်ခဲ့ရပြီး အလွန်ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းသော စွန့်စားမှုတစ်ရပ်ဖြစ်ကြောင်း ဒိုင်နာဓာတ်ငွေ့ကုမ္ပဏီမှ ညွှန်ကြားရေးမှူး တိုနီလော်ရစ်ဇန်က ပြောကြားခဲ့သည်။ ၄င်းသင်္ဘော ဖြတ်သန်း ခုတ်မောင်းမည့် ခရီးစဉ်အတွက် မြောက်ဘက်ပိုင်းရှိ လမ်းကြောင်းကို အသုံးပြုရန် ဆုံးဖြတ်ရခြင်းမှာ အာတိတ်သမုဒ္ဒရာတွင် ရေခဲပြင်အရည်ပျော်မှုနှင့် ပတ်သက်၍ မကြာသေးမီတွင် သိပ္ပံပညာရှင်များက လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာမှ ရရှိလာသော အချက်အလက်များအရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရေခဲများ ပိုမိုအရည်ပျော်မှုကြောင့် ယခုကဲ့သို့ သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ခြင်း ဖြစ်သည်။ အဆိုပါလမ်းကြောင်းမှာ ယခင်သွားနေကျ ခရီးလမ်းကြောင်းထက် ၄ဝ ရာခိုင်နှုန်းတိုပြီး လောင်စာ ၄ဝရာခိုင်နှုန်း အသုံးပြုမှု သက်သာကြောင်း သိရသည်။ ထို့ပြင် ရာသီဥတု အခြေအနေ ပြောင်းလဲမှုကြောင့် အာတိတ်သမုဒ္ဒရာအတွင်း ရေခဲများ အရည်ပျော်လျက်ရှိသည့်အတွက် ၄င်းသမုဒ္ဒရာတွင် သင်္ဘောများ ခုတ်မောင်းသွားလာမှုသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂ဝ၁၂ ခုနှစ်သည် အာတိတ်သမုဒ္ဒရာအတွင်း သင်္ဘောအများဆုံး သွားလာသည့် နှစ်အဖြစ် စံချိန်တင်ခဲ့သည်။ 
khitlunge

No comments:

Post a Comment