Tuesday, December 25, 2012

ဘာလော့တယ်လီကို ခေါ်ယူရန် မီလန် စီစဉ်နေ


အေစီမီလန်အသင်းသည်မန်ချက်စတာစီးတီးတိုက်စစ်မှူးမာရီယိုဘာလော့တယ်လီကို ခေါ်ယူရန် ပြင်ဆင်
နေကြောင်း သတင်းများ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
မန်စီးတီး အသင်း၏ မန်နေဂျာ ရောဘတ်တို မန်စီနီနှင့် အီတလီ လက်ရွေးစင်တို့ကြား ပြဿနာများ ရှိနေသည် ဆိုခြင်းကလည်း မီလန်အတွက် ပေါင်စတာလင် သန်း(၂၀)တန် ကမ်းလှမ်းမှုကို အကောင်အထည် ဖော်ရန် တွန်းအားများ ဖြစ်နေစေသည်။ ဇန်နဝါရီ ဈေးကွက် ဖွင့်ချိန်တွင် မီလန်သည် ဘာလော့တယ်လီကို အမှန်တကယ် ချဉ်းကပ်လာဖွယ် ရှိနေသည်။ မီလန်အသင်း၏ ဒုတိယ ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီက အင်တာမီလန် ကစားသမားဟောင်းကို ခေါ်ယူရေးအတွက် မန်စီးတီးမှ အဘူဒါဘီ ကုဋေကြွယ် သူဌေးများ၊ ကစားသမား၏ အေးဂျင့် မိုင်နိုရိုင်အိုလာတို့ကို တိုက်ရိုက် ဆက်သွယ်ဖွယ် ရှိနေကြောင်း သိရသည်။
ဘာလော့တယ်လီသည် ရက်ဒင်းကို (၁-၀)ဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်စီးတီးအတွက် ကစားပေးနိုင်ခြင်း မရှိချေ။ မန်စီနီကမူ "ဘာလော့တယ်လီ ဖျားနေလို့ပါ။ သူခုဆို ဘယ်ရောက်နေမှန်းတောင် ကျွန်တော် မသိဘူး။ သူဖျားနေတာ တစ်ပတ်လောက် ရှိနေပြီ။ သူမနေ့က လေ့ကျင့်ရေးကွင်းကို လာတယ်။ သူလေ့ကျင့်ချင်လို့ပါ။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ နောက်တစ်ချက်က ဖျားနေတယ် ဆိုပြီးတော့ သူ့အိမ်မှာ ဘာလော့တယ်လီကို ကျွန်တော် ထည့်ပိတ်ထားလို့ ရမလား။ မဖြစ်နိုင်ဘူးလေ"ဟု ပြောကြားသွားသည်။ ယင်းပြောစကားအရ ဘာလော့တယ်လီသည် ဖျားနာနေချိန်တွင် အပြင်ထွက်လည်ပတ်နေဟန်ရှိပြီး မန်စီနီက မကျေမလည် ဖြစ်နေကြောင်း သတင်းများက သုံးသပ် ရေးသားခဲ့သည်။
တစ်ဖက်တွင်လည်း မီလန်သည် ဇန်နဝါရီတွင် တိုက်စစ်ပိုင်း ပြဿနာ ကြုံရဖွယ် ရှိနေခြင်းကြောင်း အသက်(၂၂)နှစ်ရှိ ဘာလော့တယ်လီအား ချိတ်ဆက်နေခြင်း ဖြစ်သည်။ မီလန် တိုက်စစ်မှူး ရော်ဘင်ဟိုသည် ၎င်း၏ ငယ်ဘဝ အသင်းဟောင်း ဆန်းတို့စ်သို့ ပြန်ကစားရန် ဆက်သွယ်နေပြီး အလက်ဇန္ဒား ပါတိုကိုလည်း အသင်းတစ်သင်းက တရားဝင် ချဉ်းကပ် ကမ်းလှမ်းထားသည်။ မီလန်သည် အဆိုပါ ဘရာဇီးလ် လက်ရွေးစင် နှစ်ဦးကို ရှင်းထုတ်ပြီး အီတလီ တိုက်စစ်သမား ဘာလော့တယ်လီကို အစားထိုးရန် စိုင်းပြင်းနေခြင်းလည်း ဖြစ်သည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment