Thursday, January 3, 2013

အဂူရို၏ ဒဏ်ရာအတွက် ခေါင်းခဲနေရသည့် မန်စီနီ


မန်ချက်စတာစီးတီးအသင်းအနေဖြင့်အဓိကတိုက်စစ်မှူးဆာဂျီယိုအဂူရိုဒဏ်ရာရနေခြင်းကြောင့် ခေါင်းခဲစရာ
 ဖြစ်လာခဲ့သည်။
အာဂျင်တီးနား လက်ရွေးစင် ကစားသမားသည် စတုတ်ခ်စီးတီး၏ (၁၀)ပွဲဆက် အရှုံးမရှိ စံချိန်ကို ဖျက်ဆီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဒဏ်ရာ ရသွားခဲ့သည်။ အဂူရိုသည် (၃-၀)ဖြင့် အနိုင်ရသည့် ယင်းပွဲတွင် ခြေစွမ်းပြခဲ့သလို ပင်နယ်တီမှတစ်ဆင့် ဂိုးလည်း သွင်းယူခဲ့သေးသည်။ သို့သော်လည်း (၇၄)မိနစ်တွင် ကန်သွင်းသည့် အဆိုပါ ပင်နယ်တီ အပြီး မကြာမီမှာပင် တံကောက်ကြော ဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဂူရိုသည် စနေနေ့တွင် ကစားမည့် ဝတ်ဖို့ဒ်နှင့် FAဖလား ပွဲစဉ်ကို သေချာပေါက် လွဲချော်တော့မည်ဟု သိရှိရသည်။
အသင်း မန်နေဂျာ ရောဘတ်တို မန်စီနီကမူ ကစားသမားအား ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ကစားမည့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ပါဝင်လာစေရန် မျှော်လင့်ကြောင်း ဆိုသည်။ "သူ့ဒဏ်ရာက ရောင်နေပါတယ်။ ဒါပေမဲ့လည်း (၁၀)ရက်လောက် ကြာရင်တော့ သက်သာသွားမယ် ထင်တယ်"ဟု မန်စီနီက ပြောကြားခဲ့သည်။ အသင်း၏ လက်ထောက် မန်နေဂျာ ဒေးဗစ် ပလတ်ကမူ "တံကောက်ကြော ဒဏ်ရာနဲ့ ပတ်သက်ပြီး ပြင်းထန်မှုက အမျိုးမျိုး ဖြစ်နိုင်တယ်။ (၄၈)နာရီလောက် ကြာမှပဲ နီးနီးစပ်စပ် ခန့်မှန်းနိုင်မယ် ထင်ပါတယ်"ဟု မှတ်ချက်ပြုသွားသည်။

အဂူရိုက Twitterတွင် "ဒဏ်ရာကတော့ တကယ်ဆိုးတဲ့ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် အခြေအနေတွေကို ထပ်ပြီး Postတင်ပါဦးမယ်" ဟု ရေးသားထားသည်။  
soccer myanmar

No comments:

Post a Comment